CI စာအုပ်ပြောင်းလုပ်သည့် မြန်မာအလုပ်သမား ၁ သိန်းနီးပါးရှိ

CI စာအုပ်ပြောင်းလုပ်သည့် မြန်မာအလုပ်သမား ၁ သိန်းနီးပါးရှိ
ဓာတ်ပုံ- ထိုင်းရောက်မြန်မာရွေ့ပြောင်းလုပ်သား

ချင်းမိုင်၊ ဧပြီ ၂၆ ။             ။ ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ သွားလာနိုင်ရန်အတွက် ပြုလုပ်ပေးနေသော ပန်းရောင်ကဒ်မှ CI ခေါ် အစိမ်းရောင်စာအုပ်သို့ ပြောင်းလဲလုပ်ကိုင်သူ ၁ သိန်းနီးပါး ရှိနေပြီဖြစ်သော်လည်း လာရောက်လုပ်ကိုင်သူနည်းပါးနေသေးကြောင်း ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။
 
မတ်လ ၃ ရက်မှ ယနေ့ထိ ၂ လခန့်အတွင်း ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ အလုပ်သမား ၈ သိန်းကျော်မှ အလုပ်သမား ၉၅,၀၀၀ ကျော် CI စာအုပ် လာရောက်ပြုလုပ်သေးကြောင်း သူက ပြောသည်။
 
“တစ်သိန်းပြည့်တော့မယ်။ အလုပ်သမားအားလုံး ၈သိန်းကျော်မှာ ရသိန်းလောက်လုပ်ဖို့ ကျန်ရှိနေသေးတယ်။ ၉ သောင်းခွဲလောက် ဝန်းကျင်မှာရှိသွားပြီ။ အခုက နည်းတယ်။ နည်းတယ်ဆိုတာက သင်္ကြန်အတွင်းဆိုတော့ ၃၀ ရက်နေ့ လောက်မှ ပြန်တက်လာမယ်ထင်တယ်။ ပိတ်ရက်ခံနေတော့ လာလုပ်တာနည်းတယ်”ဟု ဦးမိုးအောင်ခိုင်က မဇ္ဈိမကို ပြောသည်။
 
လက်ရှိ CI စာအုပ် ပြုလုပ်ရန် ထိုင်းနိုင်ငံ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ စပုပရာရက်အသတ်အသတ် မရှိသေးဘဲ ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူ အလုပ်သမား အားလုံးအတွက် ပြီးအောင် ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သူက ပြောသည်။
 
သို့သော် အလုပ်သမားများအနေဖြင့် CI စာအုပ် ပြုလုပ်ပြီး ဗီဇာရရှိပြီးနောက် ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့်(work permit) မလုပ်ပါက မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ထိုင်းအစိုးရက ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အလုပ်လုပ်ခွင့် ပြုလုပ်ရန်အတွက် သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်ပြီး ဘတ် ၁၀၀ ပေးရန် သတ်မှတ်ထားသည်။
 
လက်ရှိ CI စာအုပ်ပြောင်းလဲ၍ ဗီဇာရရှိထားသူ အလုပ်သမားတချို့ အလုပ်လုပ်ခွင့် လျှောက်ရန် ရက်ကျော်လွန်သဖြင့် အခက်အခဲများ ကြံုတွေ့နေရသည်ဟု သိရသည်။
 
အလုပ်လုပ်ခွင့် မလျှောက်ထားရသေးသည့် အလုပ်သမားများအတွက် ရက်တိုးမြှင့်ပေးရန်အတွက် နှစ်နိုင်ငံအစည်းအဝေးကို မကြာမီပြုလုပ်သွားမည်ဟု ဦးမိုးအောင်ခိုင်က ပြောသည်။
 
“ရက်ကျော်လွန်တဲ့ အလုပ်သမားတွေအတွက် ကျနော်တို့ မြန်မာနိုင်ငံမှာ ဆွေးနွေးပြီးသွားပြီးပါပြီ။ ကျနော်တို့ ပြန်ပြီးတော့ သူတို့ကို ပြောထားတယ်။ အဲဒါကို ဆက်ပြီးတော့ ရက်တိုးမြှင့်ဖို့လုပ်မယ်။ သူတို့ရဲ့ သက်ဆိုင်ရာဌာနတွေကနေ အစည်းအဝေးလုပ်မယ်၊ အစည်းအဝေးလုပ်မယ့်နေ့ဆို ကျနော်တို့ကို ခေါ်မှာပါ”ဟု သူက ပြောသည်။
 
အလုပ်သမားများ၏ အလုပ်လုပ်ခွင့် လျှောက်ထားရန်အတွက် အလုပ်သမားများ အချိန် မလုံလောက်သဖြင့် ရက်ပေါင်း ၆၀ တိုးမြှင့်ပေးရန် အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးဖောင်ဒေးရှင်း (LPN)နှင့် မဟာမိတ်အဖွဲ့ (AAC)တို့က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ စာဖြင့် တင်ပြတောင်းဆိုလိုက်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required