ဘတ်ဂျက်အသုံးစရိတ်ဆွေးနွေးမှုတွင် ထရမ့်၏ မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ရေးကို ရီပတ်ဘရီကန်အမတ်များ ဖယ်ရှား

ဘတ်ဂျက်အသုံးစရိတ်ဆွေးနွေးမှုတွင် ထရမ့်၏ မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ရေးကို ရီပတ်ဘရီကန်အမတ်များ ဖယ်ရှား

ဝါရှင်တန်၊ ဧပြီ ၂၆ ။        ။ အမေရိကန်တွင်  ရီပတ်ဘရီကန်အမတ်များက မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်ရေး ယခင်ခွဲတမ်းချထားသော ရန်ပုံငွေကို ၎င်းတို့ အဆိုပြုတောင်းဆိုထားသည့် ဘတ်ဂျက်စာရင်းမှ ဧပြီ ၂၆ ရက်တွင် ပယ်ဖျက်လိုက်သည်။

မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရေးအပေါ် ဒီမိုကရကတစ်အမတ်များက သဘောမတူကြသကဲ့သို့ သမ္မတ ထရမ့်ကလည်း ယင်းအရေးတွင် အနည်းငယ်ပျော့ပျောင်းလာခဲ့သည်။

သမ္မတ ထရမ့်အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ကုန်ကျခံကာ မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးကို မရမနေတောင်းဆိုနေခဲ့ခြင်းအား မျက်ကွယ်ပြုလိုတော့ဟန်လည်း ရှိနေသည်။

ယခုကဲ့သို့ ပြည်ထောင်စုဘတ်ဂျက်အသုံးစရိတ်တွင် တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေကို ရီပတ်ဘရီကန်အမတ်များ၏ ဖယ်ရှားလိုက်ခြင်းကို လွှတ်တော်အမတ်များကြား တစ်ညီတစ်ညွတ်တည်း ထောက်ခံကြဖွယ်ရာ ရှိသည်။ ပြည်ထောင်စုဘတ်ဂျက်အသုံးစရိတ်အား ဧပြီ ၂၈ ရက်မတိုင်မီ အတည်ပြုရလိမ့်မည်ဖြစ်သည်။

ပြီးခဲ့သည့်လက သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဘတ်ဂျက်အဆိုပြုချက်ကို လူထုထံ ချပြခဲ့ရာ မက္ကဆီကိုနယ်စပ် တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေ တောင်းခံထားသည်ပါ ပါဝင်သည်။ ထိုတောင်းခံချက်ကို ဒီမိုကရက်တစ်အမတ်များက လုံးဝဆန့်ကျင်ကာ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေ တောင်းခံချက် ပါမည်ဆိုပါက မည်သည့်ဘတ်ဂျက်ဥပဒေကြမ်းမဆို ကန့်ကွက်သွားမည်ဖြစ်ကြောင်း သမ္မတအား သတိပေးခဲ့ကြသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တံတိုင်းတည်ဆောက်ရေးအတွက် အဆောတလျင် ရန်ပုံငွေ တောင်းခံထားခြင်းနှင့် ပတ်သက်ပြီး ပျော့ပျောင်းသည့် သဘောထားကို ဧပြီ ၂၄ရက် ညနေပိုင်းက ပြသလာခဲ့သည်။ ၎င်းအနေဖြင့် တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေကို လာမည့်ဆောင်းဦးရာသီထိတိုင် စောင့်ဆိုင်းနိုင်ပြီး ယင်းရန်ပုံငွေကို ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တွင်မှ ထည့်သွင်းတောင်းခံဖြစ်မည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required