အာရေဘီးကားကော်ဖီ ၃၆ တန် ဆွစ်ဇာလန်နှင့် အင်္ဂလန်များသို့ မေလဆန်းတွင်တင်ပို့ရန် စီစဉ်နေ

အာရေဘီးကားကော်ဖီ ၃၆ တန် ဆွစ်ဇာလန်နှင့် အင်္ဂလန်များသို့ မေလဆန်းတွင်တင်ပို့ရန် စီစဉ်နေ
" ၂၀၁၅ ခုနှစ် မေလအတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်သော ပထမဆုံး ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲတွင် Flight Coffee ပိုင်ရှင် နယူးဇီလန်နိုင်ငံသား Matt Graylee က မြန်မာကော်ဖီများကို စမ်းသပ်နေပုံ" 

 မြန်မာနိုင်ငံကော်ဖီအသင်းအနေနှင့် ပြည်တွင်းထွက်ကော်ဖီအမျိုးအစားဖြစ်သည့် အာရေဘီးကားကော်ဖီစေ့အစိမ်းများကိုဥရောပစျေးကွက်ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံများသို့ မေလဆန်းတွင် တင်ပို့ရန် စီစဉ်နေသည်ဟုအသင်း၏ ဥက္ကဌဖြစ်သူဦးရဲမြင့်က မဇ္ဈိမကိုပြောသည်။

 “ဆွစ်ဇာလန်ကို ကော်ဖီ ၁၈ တန်နဲ့ အင်္ဂလန်ကို ၁၈ တန် စုစုပေါင်း ၃၆ တန် တင်ပို့မှာဖြစ်ပါတယ်။ အားလုံးကိုမေလဆန်းလောက်မှာ တင်ပို့သွားနိုင်ဖို့ စီစဉ်နေပါတယ်”

ထိုသို့တင်ပို့မည့် အာရေးဗီးယားအမျိုးအစား ကော်ဖီစေ့စိမ်းများသည် ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ၊ မိုးကုတ်မြို့အပြင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပါးသေးသည့် ချင်းပြည်နယ်မှ ကော်ဖီများလည်း ပါဝင်သည်ဟု သိရသည်။

ယင်းကော်ဖီစေ့စိမ်းများကိုဆွစ်ဇာလန်နှင့် အင်္ဂလန်နိုင်ငံစျေးကွက်များအပြင် အာရှစျေးကွက်ဖြစ်သည့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများကိုပါ မေလအတွင်းတင်ပို့နိုင်ရန် စီစဉ်လျက်ရှိနေသည်ဟု ဦးရဲမြင့်က ဖြည့်စွက်ပြောဆိုသည်။ ထို့အပြင် အာရေးဗီးယားကော်ဖီစေ့စိမ်းများကို အမေရိကန်နိုင်ငံကို ဆက်လက်တင်ပို့ရန် မျှော်လင့်နေသည်ဟုသိရသည်။

“မနှစ်က အာရေဘီးကားကော်ဖီ ၃၆ တန် အမေရိကန်နိုင်ငံကိုတင်ပို့နိုင်ခဲ့ပါတယ်။ အခုလည်းအမေရိကန်မှာလုပ်တဲ့ ကော်ဖီပြပွဲကိုအသင်းကလူတွေ သွားနေပါတယ်၊ သူတို့ပြန်လာရင် စာချုပ်ချုပ်ကြဦးမှာပါ”ဟုဦးရဲမြင့်က ပြောသည်။

လက်ရှိ ပြည်ပစျေးကွက်သို့ တင်ပို့ရန်ရှိနေသော ကုန်းမြင့်ကော်ဖီအမျိုးအစား အာရေဘီးကားကော်ဖီစေ့အစိမ်းအတွက် မြန်မာနို်င်ငံကရရှိသော စျေးနှုန်းသည် တစ်တန်ကိုအမေရိကန်ဒေါ်လာ ၄၄၀၀ မှ ရ၀၀၀ အတွင်းပေါက်စျေးရှိသည်ဟု မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။ ယင်းကော်ဖီများကို အသင်းအဖွဲ့ဝင် ကော်ဖီစိုက်ပျိုးရေးခြံများမှ ၀ယ်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံကော်ဖီအသင်းသည် လူထုအခြေပြုကော်ဖီခြံစိုက်ပျိုးလုပ်ကိုင်သူအဖွဲ့အစည်းပေါင်း ၂၀ ကျော်ရှိသည်ဟုသိရသည်။

 “ဆွစ်ဇာလန်နိုင်ငံကိုတင်ပို့ဖို့ ကျွန်တော်တို့ ခြံကကော်ဖီတန်ချိန် ၄ တန်ကိုတင်ပို့မှာ ဖြစ်ပါတယ်၊ စျေးကတော့ တစ်ကီလိုကို ၆ဒေါ်လာခွဲ (တစ်တန်= ဒေါ်လာ ၆၅၀၀) ရပါတယ်”ဟု ပြင်ဦးလွင်ရှိငုရွှေလီကော်ဖီခြံမှ လုပ်ငန်းရှင် ဦးထွန်းမင်းသန်းက မဇ္ဈိမကိုပြောသည်။

 မြန်မာနိုင်ငံ၏ ကော်ဖီပြည်ပတင်ပို့အနေနှင့် ၂၀၁၅ ခုနှစ်မှ စတင်ကာတစ်စတစ်စစျေးကွက် တိုးချဲ့လာနိုင်ခဲ့ပြီး ရေရှည်တည်မြဲသည့် စျေးကွက်တိုးတက်မှုများဖြစ်လာရန် ကြိုတင်စဉ်းစားပြင်ဆင်မှုများလုပ်ဆောင်ရန် လိုအပ်နေသည်ဟု မြန်မာနို်င်ငံကော်ဖီအသင်းဥက္ကဌဦးရဲမြင့်က သူ၏ ပူပန်မှုကိုပြောပြလာသည်။

“ရေရှည်တည်မြဲတဲ့ စျေးကွက်ဖြစ်ဖို့က ကျွန်တော်တို့ ကော်ဖီအသင်းတစ်ခုတည်းနဲ့တင် လုပ်လို့မရပါဘူး။  သက်ဆိုင်ရာဒေသဆိုင်ရာအစိုးရတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်၊ ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”

ထိုကြောင့် မေလမှာ ပြုလုပ်ရန်ရှိသည့် မြန်မာ့ကော်ဖီစျေးကွက်ဖွံ့ဖြိုးမှုအထောက်အကူပြု ဆွေးနွေးပွဲတွင် စဉ်ဆက်မပြတ်တိုးတက်နေသောကော်ဖီစျေးကွက်ဖြစ်ရန် ဆွေးနွေးသွားမည်ဟုလည်းဦးရဲမြင့်က ဆိုသည်။

၂၀၁၅ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံကထွက်ရှိသော အာရေဘီးကားအမျိုးကော်ဖီတစ်ချို့၏ အရည်အသွေးနှင့် အလားအလာကို အကဲဖြတ်ရန်နှင့် ပြည်တွင်းပြည်ပစျေးကွက်ရှိ အထူးတန်းဝင်ကော်ဖီဝယ်လက်များ၏ စိတ်ဝင်စားမှုဆွဲဆောင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံးကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ- USAIDနဲ့ Winrock International တို့က မြန်မာနိုင်ငံကော်ဖီအသင်းနဲ့ ပူးပေါင်းပြီး ပြည်တွင်းကော်ဖီစေ့နမူနာ ၅၈ မျိုးကိုအကဲဖြတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly