မန္တလေးတိုင်းဝန်ကြီး၏ ရုံးခန်းက မီးခံသေတ္တာပျောက်ဆုံးမှုကို CID က ဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ

မန္တလေးတိုင်းဝန်ကြီး၏ ရုံးခန်းက မီးခံသေတ္တာပျောက်ဆုံးမှုကို CID က ဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ

မန္တလေး၊ ဧပြီ ၂၆ ။            ။ တိုင်းအစိုးရအဖွဲ့ရုံးထဲက မီခံသေတ္တာပျောက်ဆုံးခဲ့မှုဟာ မန္တလေးမြို့ရဲ့လုံခြံုရေးအခြေအနေကို မီးမောင်းထိုးပြနေသလို အစိုးရအဖွဲ့ကိုလည်း စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။

ဒီလထဲမှာ မန္တလေးမြို့ရဲ့လုယက်မှုတွေက သိသိသာသာလျော့နည်းလာတာကိုတွေ့ရပါတယ်။ လျော့နည်းအောင်လည်း မန္တလေးတိုင်းရဲတပ်ဖွဲ့က နေ့ညမပျက် မြို့ဝင်မြို့ထွက်တွေမှာ လုံခြံုရေးတင်းကြပ်ခဲ့သလို မြို့တွင်းမှာလည်း လုံခြံုရေးအထူးတင်းကြပ်ထားခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်နေခဲ့လို့ပဲ မြို့ခံပြည်သူတွေက ရဲတပ်ဖွဲ့ကို ချီးကျူးနေချိန်မှာ အခုလို မီးခံသေတ္တာပျောက်ဆုံးခဲ့ခြင်းလည်းဖြစ်ပါတယ်။

မီးခံသေတ္တာပျောက်ဆုံးတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောကတော့ မီးခံသေတ္တာပျောက်ဆုံးခဲ့တာဟာ အတွင်းလူပါလို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုမှာဖြေကြားထားပါတယ်။

ဝန်ကြီးကတော့အတွင်းလူပါတယ်ဆိုပြီး စွပ်စွဲထားတော့ အဲဒီအတွင်းလူကို CID က ဘယ်လောက်ကြာကြာအချိန်ယူပြီး ဖော်ထုတ်မှာလဲလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အစိုးရအဖွဲ့ရုံးရဲ့အတွင်းလူအင်အားက ဘယ်လောက်ရှိပါသလဲ။ အဲဒီ့အတွင်းလူတွေမဟုတ်ဘဲ CIDက ပြင်ကလူတွေကို ဖော်ထုတ်နိုင်မယ်ဆိုရင်ရော၊ အဲဒီလိုဆိုရင် အစွပ်စွဲခံထားရတဲ့အတွင်းလူတွေနဲ့ ဝန်ကြီးတွေရဲ့ကြား ဆက်ဆံရေးက ဘယ်လိုတွေဖြစ်သွားနိုင်လဲ။ ဒါတွေက မေးခွန်းထုတ်စရာပါ။

အစိုးရအဖွဲ့ရုံးရဲ့လုံခြံုရေးချို့ယွင်းမှုဟာ မန္တလေးမြို့ရဲ့ လုံခြံုရေးစည်းရိုးကျိုးတာပါပဲ။ သာမန်ဒါလေးက မီးခံသေတ္တာလေးပဲပျောက်တာပါကွာ။ အစိုးရပစ္စည်းမပါပါဘူး။ ကိုယ်ပိုင်ပစ္စည်းပဲပါတာပါကွာ အမှုမဖွင့်ပါဘူးလို့ပြောတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ မီဒီယာတွေကို ဖြေကြားမှုကိုလည်း မြို့ခံတွေက အားမရဘူးလို့ဝေဖန်နေပါတယ်။

တစ်ချို့ကလည်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ လုံခြံုရေးပါ စိုးရိမ်လာကြပါတယ်။ မပြေးသော်၊ ကာရန်ရှိ ဆိုတဲ့အတိုင်း လုံခြံုရေးအစီအမံအသစ်တွေ ဖော်ဆောင်ဖို့လိုလာပါတယ်။

ဘာကြောင့်လဲဆို ပြည်သူကတင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေက ပြည်သူကြားမှာ ရင်းရင်းနှီးနှီးသွားလာနေလို့ပါ။ မသမာသူဆိုတာ ချိုမပါပါဘူး။ အတွင်းစည်းက မီးခံသေတ္တာ ပျောက်ဆုံးမှုက သက်သေပါ။

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ)ရဲမှူး သက်ဝင်းက အစိုးရအဖွဲ့ရုံး မီးခံသေတ္တာပျောက်ဆုံးမှုဟာ သူတို့နဲ့မဆိုင်ဘူးလို့ မီဒီယာသမားတွေကို ဒီနေ့ဖြေကြားထားပါတယ်။

မီးခံသေတ္တာပျောက်ဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံ စာရေးဆရာ မောင်ဉာဏက သူ့ရဲ့ဆိုရှယ်လူမှု့စာမျက်နှာမှာ "မန္တလေးအစိုးရအဖွဲ့ရုံး ဝန်ကြီးရုံးခန်းက မီးခံသေတ္တာအခိုးခံရတာဟာ မန်းလေးအစိုးရအဖွဲ့ရဲ့နားရွက်ကို တံထွေးစွတ်တာပါ။ တစ်နည်းအားဖြင့် မန္တလေးအစိုးရဲ့ မန္တလေးမြို့တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်ခံရတာပါ။"ဟု ရေးသားထားပါတယ်။

မီးခံသေတ္တာက ဧပြီ ၂၀ ရက်နေ့က ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့ ဝန်ကြီး ဘန်ကောက်က ပြန်လာပြီး ရုံးပြန်တက်တဲ့အခါမှ မီးခံသေတ္တာ အလုံးလိုက်အခိုးခံထားရတာကို သိရတာလည်းဖြစ်ပါတယ်။ 

အစိုးရအဖွဲ့ရုံးထဲမှာရော ဝန်ကြီးများရဲ့အခန်းတွေမှာရော CCTV ကင်မရာတွေတပ်ဆင်ထားပါတယ်။ ဒါပေမယ့် အဲဒီ ကင်မရာတွေကို ဝါးလုံးနဲ့ အပေါ်ထိုးလှန်ပြီးမှ မီးခံသေတ္တာကို ခိုးယူသွားခြင်းလည်းဖြစ်ပါတယ်။

မီးခံသေတ္တာပျောက်ဆုံးမှုကို တိုင်းအစိုးရအဖွဲ့အနေနဲ့ ပေါ့ပေါ့တန်တန်မတွေးဘဲ လေးလေးနက်ဆောင်ရွက်ဖို့ ပြည်သူတွေက လိုလားနေသလို CID ရဲ့စုံစမ်းဖော်ထုတ်နေမှုကိုလည်း ပြည်သူအားလုံးက စိတ်ဝင်စားနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required