“ သူရဦးရွှေမန်း သမ္မတ ဖြစ်နိုင်မလား”

“ သူရဦးရွှေမန်း သမ္မတ ဖြစ်နိုင်မလား”

ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော် နာယက သူရဦးရွှေမန်းဟာ ဘီဘီစီ မြန်မာပိုင်း သတင်း ဌာနနဲ့ အင်တာဗျူးလုပ်ပါတယ်။ အင်တာဗျူးမှာ အခြားသော မေးခွန်းတွေနဲ့အတူ ပြည်ခိုင်ဖြိုးပါတီ ရဲ့ သမ္မတလောင်း ဘယ်သူဖြစ်မလဲဆိုတာကိုပါမေးမြန်း တာတွေ့ရပါတယ်။ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီးသူရဦးရွှေမန်းကစကားလုံးတိတိကျကျနဲ့ မဖြေကြားခဲ့ပေမယ့်ပြည်ခိုင်ဖြိုးပါတီထဲမှာ သမ္မတလောင်းတစ်ယောက်ရွေးချယ် ထားပြီဆိုတဲ့ သဘောမျိုး၊ သူ့ကို ရွေးချယ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ကောက်ယူရနိုင်တဲ့ စကားလုံးမျိုးနဲ့ ပြန်လည်ဖြေကြားခဲ့ပြီး အချိန်တန်ရင် ကြေညာမယ် လို့ ပြောဆိုပါတယ်။

အချိန်တန်ရင် ကြေညာမယ်ဆိုတဲ့ သဘောဟာ အခု ရွေးချယ်ထားပြီးပြီ၊ အချိန်မတန်သေးလို့သာ မကြေညာသေးတာဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ လွှတ်တော်နာယက သူရဦးရွှေမန်းဟာ အရင် စစ်အစိုးရခေတ်က နံပါတ်(၃) အဆင့် စစ်ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး အပြောင်းအလဲကာလ လွှတ်တော်အတွက် တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ သမ္မတ ဖြစ်လိုတယ်လို့ ပွင့်ပွင့်လင်းလင်းပြော ဆိုထားပြီး ရည်မှန်းချက်ကြီးသူလည်း ဖြစ်ပါတယ်။ လွှတ်တော် နာယက တာဝန်ယူထားစဉ် တစ်လျှောက်လုံးလည်း သမ္မတဖြစ်ရေး အစွမ်းကုန် ကြိုးစားနေတာ တွေ့မြင်ရပါတယ်။

သူရဦးရွှေမန်းဟာ မြန်မာနိုင်ငံရဲ့ နောက်တက်မယ့် သမ္မတ ဖြစ်နိုင်မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ အင်တာဗျူးမှာ သူရဦးရွှေမန်း ဖြေသွားတာ မှန်ပါတယ်။ သူ့ကို ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုသမ္မတ လောင်းအဖြစ် ရွေးချယ် မရွေးချယ် ပါတီကပဲ ဆုံးဖြတ်မယ်ဆိုတဲ့ စကားလုံးပါ။ လက်ရှိ အခြေအနေ ပြည်ခိုင်ဖြိုး ပါတီထဲမှာ ဘယ်သူ့ကို ဒုသမ္မတလောင်းအဖြစ် လျာထားမယ်ဆိုတာ အငြင်းပွားနေ ဆဲပဲ ရှိပါသေးတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပါတီထဲမှာ သူရဦးရွှေမန်း အုပ်စုနဲ့ သမ္မတ ဦးသိန်းစိန် အုပ်စု ကွဲဲဲဲဲဲဲဲပြဲနေကြတာပါ။ နောက်ဆုံးအခြေအနေ တစ်ဘက်ကို တစ်ဘက် မညှာတမ်း တိုက်ခိုက်နေတာ တွေ့နိုင်ပါ တယ်။ သူရဦးရွှေမန်း အဖွဲ့ဘက်က နောက်ဆုံး ကြိုးစားနေတာကတော့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲ ရောက်သွားတဲ့ ပါတီခေါင်းဆောင် တွေ ပါတီကို ပြန်မလာနိုင်ရေးပါ။

တကယ်လို့ အဲဒီကြိုးစားမှု အောင်မြင်ပြီး သမ္မတ ဦးသိန်းစိန် ပါတီကို ပြန်မလာနိုင်ဘူးဆိုရင် သူရဦးရွှေမန်းဟာ ကြိုတင်လျာထားတဲ့ ပါတီတွင်း ဒုသမ္မတ လောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မဲဆွယ်စည်းရုံးရေးကာလ သမ္မတ ဦးသိန်းစိန် ပါတီတွင်း ပြန်ရောက်လာရင်တော့ သူရဦးရွှေမန်းဟာ ပါတီတွင်း ဒုသမ္မတလောင်း နေရာ မရေမရာ ဖြစ်သွားနိုင်ပါသေးတယ်။

နောက်ပြဿနာ  တစ်ခုက ရွေးကောက်ပွဲပြီးသွားရင် အနိုင်ရတဲ့ အမတ်တွေဟာ လွှတ်တော်ထဲ ရောက်ကြမှာ ဖြစ်ပါတယ်။ လွှတ်တော်တွင်း ရောက်မှသာ ကိုယ်ရောက်သွားတဲ့ ပြည်သူ့လွှတ်တော် ဒါမှမဟုတ် အမျိုးသားလွှတ်တော် အစုအဖွဲ့က ဒုသမ္မတ ရွေးချယ်ရာမှာ၊ အဲဒါပြီးရင် ဒုသမ္မတ သုံးယောက်ထဲကနေ သမ္မတ တစ်ယောက် ရွေးချယ်ရာမှာ ပါဝင်ဆုံးဖြတ်ခွင့် ရမှာ ဖြစ်ပါတယ်။ အဲလို ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရေးအတွက် အမတ်တစ်ယောက် ဖြစ်ထားဖို့ လည်း လိုပါတယ်။ ဒါမှ စိတ်ချရမှာ ဖြစ်ပါတယ်။

ခုဆိုရင် သူရဦးရွှေမန်းဟာ သူ့ဇာတိ ပဲခူးတိုင်း ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပြီးပါပြီ။ ဒီရွေးကောက်ပွဲမှာ သူရဦးရွှေမန်းဟာ နိုင်ကို နိုင်ဖို့ လိုပါတယ်။ တကယ်လို့များ မနိုင်ရင် လွှတ်တော်တွင်းကို ရောက်မှာ မဟုတ်တော့တဲ့အတွက် လွှတ်တော်တွင်း ဒုသမ္မတနဲ့ သမ္မတ ရွေးချယ်ပွဲမှာ ဝင်ရောက်ကြိုးစား အားထုတ်နိုင်ခွင့် နည်းသွားပါပြီ။ အနိုင်ရ ပြည်ခိုင်ဖြိုး အမတ်တွေက သူ့နာမည်စာရင်း တင်တာကို ထိုင်စောင့်ရုံလောက်ပဲ တတ်နိုင်ပါတော့မယ်။ ဒါပေမယ့် အဲလို ဖြစ်လာရင်တော့ ပြည်သူ့ လွှတ်တော် အုပ်စုရဲ့ ဒုသမ္မတ ဖြစ်ရေး၊ လွှတ်တော်က ရွေးချယ်တဲ့ သမ္မတဖြစ်ရေး ကတော့ အလှမ်းဝေးသွားနိုင်ပါတယ်။

ပါတီတွင်း ဒုသမ္မတ လောင်းဖြစ်ဖို့ သူရဦးရွှေမန်းအတွက် နောက်ထပ် စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက်ပြည် ခိုင်ဖြိုးပါတီက ဘယ်လောက်နိုင်ပြီး အဲဒီထဲမှာ သူ့ကို ထောက်ခံသူ ဘယ်လောက် ပါဝင်မလဲဆိုတဲ့ ကိစ္စပါ။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ခေါင်းစဉ်အောက်မှာ တပ်မတော် ထိပ်တန်း အရာရှိကြီးတွေ၊ လက်ရှိ ဝန်ကြီး ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသူတွေလည်း ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီလူတွေကတော့ သူရဦးရွှေမန်းကို ဒုသမ္မတလောင်းအဖြစ် တင်မြှောက်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။

လွယ်လွယ်ပြောရရင် လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက သူရဦးရွှေမန်းကို ထောက်ခံတဲ့သူတွေ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် ဘယ်လောက် အနိုင်ရမလဲဆိုတဲ့ အပေါ်မှာ လည်း မူတည်နေပါတယ်။ အဲဒီမှာ အခြေအနေ မကောင်းဘူးဆိုရင် ဒုသမ္မတလောင်းတောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

ကောင်းပါပြီ။ သူရဦးရွှေမန်းဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ အဆိုပြု ဒုသမ္မတလောင်း ဖြစ်ပါပြီတဲ့။ ပြည်သူ့လွှတ်တော် အစုအဖွဲ့မှာ အခြားပါတီနဲ့ အုပ်စုတွေက တင်တဲ့ ဒုသမ္မတလောင်းတွေနဲ့ ယှဉ်ပြိုင်ရပါဦးမယ်။ ရိုးရိုးရှင်းရှင်းကြည့်ရင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ဟာ မဲအများစု အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အင်န်အယ်လ်ဒီဟာ ဘယ်လောက် ရာခိုင်နှုန်းအထိ အနိုင်ရမယ် မပြောနိုင်ပေမယ့် ပြည်သူ့လွှတ်တော်အတွက် ၅၀ ရာခိုင်နှုန်း အထက်တော့ အနိုင်ရကို ရပါလိမ့်မယ်။ ဒီအတွက် ပြည်သူ့လွှတ်တော်အတွက် ဒုသမ္မတ ဆိုတာဟာ အင်န်အယ်လ်ဒီက တင်တဲ့ ပုဂ္ဂိုလ်သာလျှင် ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေဟာ အရင် စစ်အာဏာရှင်ခေတ်က နံပါတ်(၃) စစ်ခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် ကို ဒုသမ္မတအဖြစ် ရူးရူးမိုက်မိုက် တင်မြှောက်ကြမလား ဆိုတာပါ။ ဒီအဖြေနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံးသူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တိတိကျကျ ငြင်းပယ်ထားတာမျိုး မရှိသေးပါဘူး။ (တကယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် အဲဒီအချက် မဖြစ်နိုင်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ရင် သူရဦးရွှေမန်း ဒုသမ္မတ ဖြစ်ရေး လမ်းဆုံးသွားပါပြီ။) သမ္မတ ဖြစ်ရေး အဆင့် မရောက်နိုင်တော့ ပါဘူး။

တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကသာ သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော် ဒုသမ္မတအဖြစ် ရူးရူးမိုက်မိုက် ရွေးချယ်ခဲ့မယ်ဆိုရင် နောက်တစ်ဆင့် ကျန်သေးတာက သမ္မတ ဖြစ်ရေးပါ။ အဲဒီလို ဖြစ်ဖို့ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီထဲက သူရဦးရွှေမန်းကို ထောက်ခံမယ့်သူတွေဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အမတ်နေရာ ၆၇ ရာခိုင်နှုန်းကျော် အနိုင်ရထားဖို့ လိုပါလိမ့်မယ်။ ဒါဆိုရင် သူရဦးရွှေမန်း သမ္မတ ဖြစ်နိုင်ပါသေးတယ်။ တကယ်လို့များ အဲလောက် အနိုင်မရဘူးဆိုရင်တော့ တစ်ဘက်မှာ တပ်မတော်သား အမတ်တွေက တင်မယ့် သမ္မတလောင်း၊ အဲဒီ သမ္မတလောင်းကို ဝိုင်းထောက်ခံပေးမယ့် ပြည်ခိုင်ဖြိုးထဲက သူရဦးရွှေမန်းကို မထောက်ခံတဲ့ အုပ်စုကလည်း ရှိနေပါသေးတယ်။ အဲဒီ အုပ်စုက တင်တဲ့ တစ်ယောက်ယောက် သမ္မတ ဖြစ်သွား နိုင်ပါသေးတယ်။

လက်တွေ့ အခြေအနေတွေအရ သူရဦးရွှေမန်း သမ္မတ ဖြစ်ဖို့ဆိုတာ အတော်လေးကို မလွယ်တဲ့ ကိစ္စပါ။ အဓိက ကတော့ သူနဲ့ သူ့ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ လို ပြည်သူ လူထု ထောက်ခံမှု အကြီးအကျယ်ရတဲ့ လူနဲ့ ပါတီ မဟုတ်သလို၊ တပ်မတော်လို ဒုသမ္မတ တစ်ယောက်ရွေးနိုင်၊ သမ္မတ ရွေးရာမှာ ၂၅ ရာခိုင်နှုန်း မဲပေးခွင့်ရဆိုတဲ့ အထူး အခွင့်အရေးမျိုးလည်း ရှိမနေ လို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဖြစ်ရေး သူရဦးရွှေမန်းက နောက်မဆုတ်ပဲ ဆက်ပြီး ကြိုးစားနေတာကြောင့် စိတ်ဝင်စားဖွယ်ရာ အခြေအနေပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags