နိုင်ငံတွင်း အသိ ဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေများ ထွက်ရှိရေး အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနကြိုးပမ်းနေ

နိုင်ငံတွင်း အသိ ဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေများ ထွက်ရှိရေး အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနကြိုးပမ်းနေ

ရန်ကုန်၊ ဧပြီ ၂၆ ။          ။  ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနက နိုင်ငံတွင်း အသိ ဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေများ ထွက်ရှိရေး ကြိုးပမ်းနေသည့်အပြင် အဆိုပါဥပဒေများ ထွက်ပေါ်လာပါကလည်း ပြည်သူများ နားလည်ပြီး လိုက်နာကျင့်သုံးနိုင်စေရန် ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နှင်းနွယ်အေးက ပြောသည်။

ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ဧပြီလ ၂၆ရက်က ကျင်းပခဲ့သည့် ကမ္ဘာ့အသိ ဉာဏ်ပစ္စည်းနေ့ (၂ဝ၁၇)အထိမ်းအမှတ်အခမ်းအနားတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေတွေဖြစ်တဲ့ ကုန်အမှတ်တံဆိပ်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စာပေအနုပညာ မူပိုင်ခွင့်ဥပဒေနဲ့ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပေါ့နော်၊ ဒီဥပဒေမူကြမ်း လေးရပ် ထွက်ပေါ်လာဖို့အတွက်ကို အစ်မတို့ မူကြမ်းပြုစုပြီးတော့ လွှတ်တော်ကို တင်ပြနိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်။ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီဆိုတာနဲ့ အမတို့ အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးရယ်လို့ သတ်မှတ်ပြီးတော့ တာဝန်ယူဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”ဟု ပညာရေးဝန်ကြီးဌာန၊ အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နှင်းနွယ်အေးက မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့အသိ ဉာဏ်ပစ္စည်းနေ့အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလာသည်မှာ ယခုနှစ်အပါအဝင် ငါးကြိမ်မြောက်ရှိပြီဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် USAID နှင့် JICAတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ယင်းပွဲတွင် ကုမ္ပဏီအချို့က ပြခန်းများဖွင့်လှစ်ပြသခဲ့သည့် အပြင် အင်းစိန်ဂျီတီအိုင်ကျောင်းသားဟောင်းများ အသင်းကလည်း ဆရာဦးကြည် တီထွင်ခဲ့သည့် မြန်မာ့ပထမဆုံး စက်ရုပ်ကို ပြန်လည်ပြသခဲ့သည်။

အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေများနှင့် ပတ်သက်ပြီး အင်းစိန်ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းက ကိုမောင်ဇော်က “ဒါကတော့ ဖြစ်သင့်ပါတယ်၊ ကျွန်တော်တို့ တီထွင်ခဲ့တာတွေက အများကြီးပဲလေ။ အဲ့ပေါ်မှာ ဒီlaw(ဥပဒေ)ရဲ့ အားနည်းချက်က ဘာမှမရှိခဲ့ဘူး။ လုံးလုံးကို မရှိခဲ့တာ၊ အခုမှ ဒီright law(အခွင့်အရေးဆိုင်ရာ ဥပဒေ)ကို စတင်တည်ထောင်နေတဲ့အချိန်ပဲရှိပါသေးတယ်။ နောင်တစ်ချိန်မှာတော့ ပိုပြီးတော့ ကောင်းလာမယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု သူ့အမြင်ကို ပြောသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာစကော့မာရှယ်အပါအဝင် ပညာရေးဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် USAIDနှင့် JICA၊ အစိုးရမဟုတ်သောအဖွဲ့အစည်း နှစ်ဆယ်ကျော်၊ သက်ဆိုင်ရာ ပညာရှင်များနှင့် စိတ်ပါဝင်စားသူ ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly