ထုကြီးမားသည့် တရားမဝင် တမလန်းသစ်များနှင့် ပိတောက်သစ်များ ၁၂ ဘီးကားအပြည့် ရေပူတွင် ဖမ်းမိ

ထုကြီးမားသည့် တရားမဝင် တမလန်းသစ်များနှင့် ပိတောက်သစ်များ ၁၂ ဘီးကားအပြည့် ရေပူတွင် ဖမ်းမိ

ရန်ကုန်၊ ဧပြီလ ၂၆ ။            ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ဂိတ်ဝန်းအတွင်း ၁၂ ဘီးကားအပြည့် သယ်လာသော ထုကြီးမားသည့် တရားမဝင် တမလန်းသစ်များနှင့် ပိတောက်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန် ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ဧပြီလ ၂၆ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၂၅ ရက်၊ ည ၉ နာရီခွဲကျော်အချိန် ရေပူစစ်ဆေးရေးအဖွဲ့မှ စခန်းဂိတ်အတွင်း ဖြတ်သန်းသွားလာနေသော ကားများကို စစ်ဆေးရာ ၁၂ ဘီးကားအသစ်ပေါ်တွင် ဖွဲအိတ်များဖုံးအုပ်လျက်  ထုထည်ကြီးမားသည့် တမလန်းသစ် များနှင့် ပိတောက်သစ်များ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကားသမားက ခုန်ချထွက်ပြေးရာ ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်းသိရသည်။

“ကားတွေပိတ်နေတော့ ရှေ့တိုးလည်းမရ၊ နောက်ဆုတ်လည်းမရဖြစ်နေတော့ ကားသမားက ခုန်ချထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန် ကိုယ်တို့ ဝိုင်းဖမ်းတော့ ကားသမားနဲ့ သူနဲ့ပါလာတဲ့ နောက်တစ်ယောက်ကို ဖမ်းမိတယ်။ သစ်တွေလည်းဖမ်းမိတယ်။ သစ်တွေက တော်တော်ကောင်းတယ်”ဟု ဦးတက်ထွန်းအောင်က အဆိုပါ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည့် အခြေအနေကို ပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် အရည်အသွေးကောင်းမွန်သည့် သစ်များကို လားရှိုးမြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲအပ်လိုက်ပြီး ကားသမားနှင့် ကားပေါ်တွင်ပါသည့်တစ်ဦးကို သိန္နီရဲစခန်းသို့ လွှဲအပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး ဖြတ်သန်းနေသောကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခို ကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များ နှင့် အသုံးအဆောင်ပစ္စည်းများကို ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါလ ၁၆ ရက် နေ့မှ စတင်ကာ ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်း ပူးပေါင်းအဖွဲ့ ၁၂ ဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required