ဆံပင်အလှပြင်သူအဖြစ်မှ ရပ်ကွက်အလှပြင်သူ ဖြစ်လာတဲ့ အုပ်ချုပ်ရေးမှူးဒေါ်မွန်မွန်အောင်

26 April 2017
ဆံပင်အလှပြင်သူအဖြစ်မှ ရပ်ကွက်အလှပြင်သူ ဖြစ်လာတဲ့ အုပ်ချုပ်ရေးမှူးဒေါ်မွန်မွန်အောင်

အုပ်ချုပ်ရေးမှူးလုပ်ဖို့ ရည်ရွယ်ချက်လည်းမရှိပါဘူး။ တစ်ခါမှလည်း စိတ်လည်းမကူးထားပါဘူး။ ဒါပေမယ့် အပြောင်းအလဲတစ်ခုလေးမှာ ကိုယ်တတ်နိုင်သလောက်လေးကို လုပ်ကြည့်မယ်ဆိုပြီးတော့ ပြည်သူတွေကလည်း ကိုယ့်ကို တာဝန်ပေးလို့ပေါ့။ ပြည်သူတွေက ဝင်လုပ်ပေးပါဆိုပြီးတော့ မဲပေးတဲ့အတွက် ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင််နေတာပါရှင့်။

မဇ္ဈိမ

သူကတော့ ရန်ကုန်မြို့ရဲ့ လူနေသိပ်သည်းဇုန်လို့ဆိုရမယ့် မြောက်ဥက္ကလာ (င) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးပါ။ ၂၀၁၅ မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူတွေရဲ့ဆန္ဒနဲ့ မဲပေးရွေးချယ်ရာမှာ ဒေါ်မွန်မွန်အောင်က အရွေးခံခဲ့ရတာပါ။ သူ့အနေနဲ့ အုပ်ချုပ်ရေးမှူးအနေဖြင့် ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်သလို မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးတာဝန် အစဉ်အလာအနေနဲ့လည်း ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒေါ်မွန်မွန်အောင်

တော်တော်လည်း ခက်ခက်ခဲခဲပါ။ အမျိုးသမီးအုပ်ချုပ်ရေးမှူးဆိုတာက မရှိခဲ့ဘူးပေါ့။ မရှိခဲ့တော့ လက်မခံပါဘူး။ ရပ်ကွက်ထဲက တချို့က လက်မခံကြဘူူး။ လက်မခံဘူးဆိုတာထက် ဒီမိန်းကလေး အုပ်ချုပ်မှုအောက်မှာ အန်တီက ပြင်ဦးလွင်သူလေ ပြင်ဦးလွင်သူဆိုတဲ့အခါကျတော့ အန်တီက ဒီရပ်ကွက်မှာနေတာ ၁၀ နှစ်ကျော် ၁၁ နှစ်ပဲ ရှိသေးတဲ့အခါကျတော့ တခြားနယ်ကမိန်းကလေးလည်းဖြစ်တယ် မိန်းကလေးလည်းဖြစ်တဲ့အတွက် ဒီရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးမလိုလားဘူးပေါ့။ ယောကျ်ားလေးပဲ အုပ်ချုပ်စေချင်တယ်။ မိန်းကလေးအုပ်ချုပ်ရင် သူတို့သိက္ခာကျတယ်ပေါ့နော်။ မဖြစ်နိုင်ဘူးဆိုပြီးတော့ပေါ့ အဲလိုမျိုးတွေ ရှိပါတယ်။

မဇ္ဈိမ

ဒေါ်မွန်မွန်အောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ကို ထမး်ဆောင်နိုင်ဖို့ အတားအစီးတွေကလည်း များပြားလှပါတယ်။ ဒါပေမယ့် သူကတော့ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက် (၁၉)ခုမှာရှိတဲ့ အမျိုးသားအုပ်ချုပ်ရေးတွေနဲ့နည်းတူ တာဝန်ထမ်းဆောင်နေပါတယ်။ ဒေါ်မွန်မွန်အောင်ရဲ့ အိမ်ထောင်ဖက်ဖြစ်သူ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရာကနေ ပြန်မရောက်လာတာကလည်း ပတ်ဝန်းကျင်ရဲ့ ဝေဖန်စရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ သူကတော့ မိခင်တစ်ယောက်အနေနဲ့ သမီးသုံးယောက်ကို ကျွေးမွေးစောင့်ရှောက်ပြီး မိခင်တာဝန် ကျေခဲ့သလို အခုဆိုရင် မြေးလေးတစ်ယောက်ပါ ရှိနေခဲ့ပါပြီ။

ဒေါ်မွန်မွန်အောင်

ဝင်ပြိုင်တုန်းကဆိုရင် တော်တော်လေးကို အပြောခံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က အိမ်ထောင်မရှိတာကို အိမ်ထောင်မရှိတော့ သူတို့က ပြောပါတယ် ယောကျ်ားမရှိတဲ့အတွက် အခုလည်း အုပ်ချုပ်ရေးမှူးလုပ်တဲ့အခါကျတော့လည်း ဘယ်သွားသွား ရုံးမှာက ယောက်ျားလေးက အမြဲပါတာကို။ ဖမ်းတဲံ့ဆီးတဲ့အခါကျတော့ ရဲတွေဘာတွေလည်း ပါတဲ့အခါကျတော့ အမြဲတမ်း ယောကျ်ားတရုန်းရုန်းနဲ့ မိန်းကလေးအုပ်ချုပ်ရေးမှူးဖြစ်တဲ့အခါကျတော့ ဝေဖန်ခံရတာပေါ့။

မဇ္ဈိမ

ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် အရွေးခံမယ်ဆိုတုန်းကလည်း ရပ်မိရပ်ဖတချို့က အမျိုးသားအုပ်ချုပ်ရေးမှူးသာ အသင့်တော်ဆုံးလို့ ပြောဆိုပြီး တားမြစ်ပိတ်ပင်ခဲ့ကြပါသေးတယ်။ အခုတော့ သူဟာ အကျယ်ဝန်းဆုံးရပ်ကွက်ဖြစ်သလို လူနေသိပ်သည်းတဲ့ရပ်ကွက်ကို အုပ်ချုပ်နေရပါပြီ။ ဒီလို ရပ်ကွက်ထဲမှာနေထိုင်ကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေကို တည်ငြိမ်အေးချမ်းအောင် အုပ်ချုပ်နိုင်ဖို့ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အင်မတန် ကြီးမားလှတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ သူကတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ မိခင်စိတ်ကိုသာ ရှေ့တန်းတင်လို့ ပြည်သူတွေနဲ့ တစ်သားတည်းကျအောင် အုပ်ချုပ်နေပါတယ်။

ဒေါ်မွန်မွန်အောင်

ဟိုအရင်တုန်းက ဒီရပ်ကွက်က အရမ်းကိုဆိုးပါတယ်။ လူဆိုးတွေလည်း အရမ်းပေါတယ်။ ဒါပေမယ့် အန်တီက အမိန့်အာဏာနဲ့ မဆင်းပါဘူး။ အန်တီပြောနေကျစကားအတိုင်းပဲ အန်တီက ဖခင်တစ်ယောက်လို မဆုံးမပဲနဲ့ မိခင်တစ်ယောက်လို ဆုံးမတယ်။ အရက်သောက်တယ်၊ ဂစ်တာတွေတီးပြီးတော့ ပုလင်းတွေထောင်ပြီးတော့ နေတာတွေတွေ့ရင် သား သားတို့က ဒီအချိန်က သားတို့မှာလည်း အဖိုးတွေအဖွားတွေလည်းရှိတယ် နောက်ပြီးတော့ ဘေးပတ်ဝန်းကျင်မှာ တရားထိုင်တဲ့သူတွေရှိမယ် ပုတီးစိပ်တဲ့သူတွေရှိမယ် ဒီအချိန်က တစ်နေ့လုံးပင်ပန်းပြီးတော့ အနားယူနေတဲ့အချိန် သားတို့က အခုလိုမျိုးလုပ်တော့ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီးတော့ မိခင်စိတ်နဲ့ ပြောတဲ့အခါကျတော့ ဟုတ်ကဲ့ပါအန်တီ ကန်တော့ပါ သား တစ်ပုုဒ်လေးဆိုပါရစေ အေ သားဆို အန်တီနားထောင်လိုက်မယ် ပြီးရင် သူတို့ပစ္စည်းလေးတွေကို သိမ်းပြီးတော့ ပြန်ကြတယ်။ ဖခင်စိတ်နဲ့သွားပြီတော့ မင်းဒီလိုမလုပ်နဲ့ ဒါမလုပ်နဲ့ဆိုပြီးတော့ သွားပြောရင် ရန်တွေဖြစ်ပြီးတော့ ထထိုးကြမှာလေ။ အန်တီက အဲလိုမျိုးလေးတွေ လုပ်တဲ့အခါကျတော့ အောင်မြင်လာတယ်။ နောက်ဆိုရင် ကိုယ့်ကိုယ်မြင်လိုက်တာနဲ့ သူက ရိုသေပြီးတော့ လက်အုပ်ကလေးတွေချီပြီးတော့ ရှောင်သွားကြတယ် မလုပ်ကြတော့ဘူးပေါ့နော်။ အဲလိုမျိုးလေးတွေလည်း စည်းရုံးတယ်ပေါ့နော်။

မဇ္ဈိမ

ရပ်ကွက်ရဲ့ အရေးကိစ္စ အကြီးအငယ်တွေကို ဖြေရှင်းတဲ့အခါ တစ်ခါတစ်ရံ စည်းရုံးခြင်းနဲ့ ဖြေရှင်းရသလို တစ်ခါတစ်လေမှာလည်း အမျိုးသားတွေ ရဲတွေနဲ့ တန်းတူ ပြေးလွှားသတ်ပုတ် ဖမး်ဆီးခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လည်း နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုဆုတွေ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပေးအပ်တဲ့ ဂုဏ်ပြုဆုတွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပေးအပ်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း ရရှိခဲ့သူပါ။

အမျိုးသမီးတစ်ဦးရဲ့ ရဲစွမ်းသတ္တိနဲ့ နှလုံးရည်ကို အသိအမှတ်ပြုတာတွေလို့လည်း ဆိုနိုင်ပါတယ်။ ရပ်ကွပ်ထဲမှာတော့ မူးယစ်ရမ်းကားမှုတွေ လုယက်မှုတွေအပါအဝင် နယ်ကရောက်လာပြီး လူကုန်ကူးကြတဲ့ လူကုန်ကူးမှုတွေဆိုတာကလည်း မကြာခဏဆိုသလိုပါပဲ။ ဒါတင်မကသေးပါဘူး မိသားစုမှာ အိမ်တွင်းမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေ လမ်းပေါ်မှာဖြစ်နေတဲ့ ပြဿနာတွေကလည်း နေ့စဉ်နဲ့အမျှပါပဲ။ ဒေါ်မွန်မွန်အောင်ကတော့ လူတစ်ယောက် မွေးရာကနေ သေတဲ့အထိ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးရမှာက အုပ်ချုပ်ရေးမှူးတာဝန်ဖြစ်တယ်လို့ ခံယူကာ တာဝန်ထမ်းဆောင်နေပါယတ်။

ဒေါ်မွန်မွန်အောင်

သူတို့က ကိုယ့်ရုံးကို ဝင်လာပြီဆိုကတည်းက ကိုယ့်အိမ်ကထွက်လာပြီး ရုံးကိုလာတယ်ဆိုကတည်းက ကိုယ့်ကိုယ်အားကိုးလို့ဝင်လာတာ သူအားကိုးလို့ဝင်လာတာလေးကို ကိုယ်ကလည်း တက်နိုင်သလောက် ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်းဉာဏ်စွမး်ရှိတာလေးနဲ့ ပြန်ပြီးတော့ ကူညီလိုက်ရတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်ကိုယ် အမြဲတမ်းအားကိုးလာတယ်။ အဲဒီလိုနဲ့ ရပ်ကွက်ထဲမှာရှိတဲ့ ကိစ္စအဝဝက အုပ်ချုပ်ရေးမှူးရဲ့တာဝန် ဖြစ်လာတာပေါ့။

မဇ္ဈိမ

တကယ်တော့ ဒေါ်မွန်မွန်အောင်မှာလည်း ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်မိသားစုဆိုတာ ရှိပါတယ်။ အုပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်နေတဲ့သူတစ်ယောက်အနေနဲ့ကတော့ သမီးတို့အတွက် မိခင်တစ်ယောက်အနေနဲ့ရော မိခင်ကြီးဖြစ်သူ သမီးတစ်ယောက်အနေနဲ့ရော တာဝန်ကမကျေနိုင်ခဲ့တာကြာပါပြီ။ သမီးတွေအနေနဲ့ကတော့ တစ်ချိန်က ဝင်ငွေကောင်းခဲ့တဲ့ ဆံပင်မိတ်ကပ်အလှပြင်လုပ်ငန်းကို စွန့်လွှတ်ပြီး လစာ ခုနှစ်သောင်းသာရတဲ့ ရပ်ကွက်ရဲ့ကျွန်အဖြစ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့တဲ့အမေကို မကျေနပ်ပေမယ့်လည်း မပြောသာပါဘူး။ အခုတော့ ဆံပင်အလှဆင်တဲ့လက်တွေဟာ ပြည်သူတွေအားကိုးရတဲ့ ရပ်ကွက်ကို အလှဆင်သူတစ်ယောက် ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပါပြီ။ မိသားစုရဲ့ ပံ့ပိုးမှု နားလည်မှုတွေကိုလည်း ပြန်လည်ရရှိခဲ့ပါပြီ။ ဒီတာဝန်တွေကနေလည်း အနားယူလိုက်တဲ့တစ်နေ့မှာတော့ ဘယ်သူတွေကို အချိန်ပေးဦးမလဲ ဆိုတာကိုလည်း ဒေါ်မွန်မွန်အောင် စဉ်းစားထားပြီးပါပြီ။

ဒေါ်မွန်မွန်အောင်

ကိုယ့်ရဲ့ တက်နိုင်သလောက်လေးမှာ မိဘမဲ့လေးတွေကို ကယ်ဆယ်တဲ့ အဆောက်အဦးလေးတစ်ခု ဆောက်မယ်။ ဆောက်ပြီးလို့ရှိရင် မိဘမဲ့ကလေးတွေကို အန်တီက ဆံပင်ညှပ်တက်တယ်ဆိုတော့ ဆံပင်ညှပ်သင်ပေးမယ် စက်ချုပ်တက်တဲ့သူတွေကို အကူအညီတောင်းပြီးတော့ စက်ချုပ်သင်ပေးမယ်။ သူတို့ လုပ်ကိုင်စားသောက်ဖို့အတွက် ဒါလေးတွေကို သင်ပေးပြီးတော့ အသိပညာလေးတွေကို သင်ကြားပေးပြီးတော့ ဝါသနာတူတဲ့ သူငယ်ချင်းတွေ စုပြီးတော့ အဲလိုမျိုးလေးတွေ လုပ်ချင်တဲ့ စိတ်ကူးလေးတွေ ပေါ်လာတာပေါ့နော်။ ဒါပေမယ့် ကိုယ့်စိတ်ကူးထားတာပေါ့။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly