ထွက်ပြေးသွားသော ဆိုင်ကယ်သူခိုးအား ကူညီဖမ်းဆီးပေးခဲ့သည့် မင်းသား တွမ်ဟာဒီ

ထွက်ပြေးသွားသော ဆိုင်ကယ်သူခိုးအား ကူညီဖမ်းဆီးပေးခဲ့သည့် မင်းသား တွမ်ဟာဒီ

လန်ဒန်မြို့၌ ဆိုင်ကယ်တစ်စီးအား ခိုးယူပြီးထွက်ပြေးခဲ့သည်ဟု ယူဆရသော ယောင်္ကျားတစ်ဦးကို မင်းသား တွမ်ဟာဒီက ကူညီဖမ်းဆီးပေးခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့လည်က လန်ဒန်မြို့အနောက်တောင်ပိုင်းရှိ ရစ်ချ်မွန်း၌ ဆယ်ကျော်သက်နှစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာခဲ့ပြီး ကားတစ်စီးနှင့် ၀င်တိုက်မိပြီးနောက်တွင် ဟောလိ၀ုဒ်ကြယ်ပွင့် တွမ်ဟာဒီနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုဆယ်ကျော်သက်နှစ်ဦးသည် ထွက်ပြေးရန် ကြိုးစားစဉ်၌ တစ်ဦးမှာတွမ်ဟာဒီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နောက်တစ်ဦးမှာ ရဲအရာရှိ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

အသက် ၁၆ နှစ်အရွယ်ရှိ ထိုဆယ်ကျော်သက်နှစ်ဦးကို ဆိုင်ကယ်ခိုးယူခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထားကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

မျက်မြင်သက်သေ အာရန်ပူလန်က The Sun သတင်းစာအား “ တွမ်က လမ်းမကြီးအတိုင်း လမ်းလျှောက်လာ ခဲ့တာပါ။ အဲ့နောက် သူ ဒေါသထွက်နေပုံပေါက်ပြီး ပြေးထွက်သွားပါတယ်။ ကျနော်က တွမ်ကို ဘာဖြစ်တာလဲလို့ မေးတဲ့အခါ တွမ်က သူ ကျနော့်ရဲ့ ဥယျာဉ်နောက်ကနေဖြတ်ပြီး ကောင်လေးတစ်ယောက်နောက်ကို လိုက်ခဲ့ ကြောင်းပြောခဲ့ပြီး ဟိုဘက်အကွက်နားလေးမှာ အဲ့ကောင်လေးကို ဖမ်းမိခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ရစ်ချ်မွန်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကလည်း “ ဆိုင်ကယ်တစ်စီးကို ခိုးယူလာတဲ့ သူနှစ်ဦးဟာ ကားတစ်စီး ကို ၀င်တိုက်မိခဲ့ပြီး ထွက်ပြေးခဲ့ကြပါတယ်။ တစ်ယောက်ကို တွမ်ဟာဒီက ဖမ်းဆီးပေးခဲ့ပါတယ်” ဟု အတည်ပြု ပေးခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags