ဘာစီလိုနာနဲ့ပွဲက အနီကတ်အတွက် ရီးယဲလ်နောက်ခံလူ ရာမို့စ်ကို တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်

ဘာစီလိုနာနဲ့ပွဲက အနီကတ်အတွက် ရီးယဲလ်နောက်ခံလူ ရာမို့စ်ကို တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်
(ဓာတ်ပုံ - အီးပီအေ)

လာလီဂါပွဲစဉ် ၃၃ ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ပွဲမှာ မက်ဆီကို ခြေစုံထိုး ဘောလုံးဝင်ဖျက်ခဲ့တဲ့အတွက် အနီကတ်ပြသခံရတဲ့ ရာမို့စ်ကို တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

ဒါကြောင့် ရာမို့စ်ဟာ ဗုဒ္ဓဟူးနေ့မှာ ရီးယဲလ်အသင်း ကစားရမယ့် လာလီဂါပွဲစဉ် ၃၄ ဖြစ်တဲ့ ဒီပို့ဒီဗိုုိ့နဲ့ အဝေးကွင်းပွဲကို လွဲချော်မှာဖြစ်ပါတယ်။

Clasico ပွဲစဉ် ကွင်းလယ်ဒိုင်လူကြီးရဲ့ အစီရင်ခံစာအရ "ပြိုင်ဘက်ကစားသမားကို အလွန်အကျွံအင်အားသုံးပြီး တားဆီတာ"ကြောင့် ရာမို့စ်ကို ပွဲချိန် ရ၇ မိနစ်မှာ အနီကတ်ပြသခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရီးယဲလ်အသင်းက ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ပြီး ဒိုင်လူကြီးရဲ့ အစီရင်ခံစာ တိကျမှုမရှိတာကို သက်သေပြဖို့ ဗီဒီယိုဖိုင်ကိုလည်း ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြိုင်ပွဲကော်မတီက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်သင့်လျော်တယ်လို့ ယူဆတာကြောင့် ရာမို့စ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နောက်ခံလူဟာ တစ်ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ငွေ ယူရို ၆၀၀ (ဒေါ်လာ ၆၅၆) ပေးဆောင်ရမှာဖြစ်သလို ရီးယဲလ်အသင်းအနေနဲ့လည်း ဒဏ်ငွေ ယူရို ၃၅၀ (ဒေါ်လာ ၃၈၂) ပေးဆောင်ရမှာဖြစ်ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly