မကွေးတိုင်းတွင် ကျပ်သန်း ရ၀၀၀ ကျော် အလွဲသုံးစားမှု အစိုးရထံ ငွေကြေး ပြန်လည်လွှဲမပေးပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်

မကွေးတိုင်းတွင် ကျပ်သန်း ရ၀၀၀ ကျော် အလွဲသုံးစားမှု အစိုးရထံ ငွေကြေး ပြန်လည်လွှဲမပေးပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင်ကျော် အလွဲသုံးစားမှုနှင့်ပတ်သက်၍ အရေးယူမှု ဆက်လက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညွှန်ကြားစာပေးပို့ထားကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဧပြီ(၂၅)ရက်က မကွေးတိုင်းဒေသကြီးက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ 

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းမှရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းခုနစ်ထောင်ကျော် (၇ ဒသမ ၄၅၉ ဘီ လီယံကျပ်) အလွဲသုံးစားမှုအပေါ် ယခင်မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေအပါအဝင် သက်ဆိုင်သူများထံ အကြောငး်ကြားစာပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် (၁.၇)ဘီလီယံ၊ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုး (၁) စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းထားခြင်းဖြစ်ပြီး ရွှေသုခ အသေးစားလုပ်ငန်းသို့ ငွေကျပ်(၁.၅၇)ဘီလီယံကျော် လွှဲပြောင်းပေးခဲ့သည်ကို ဖော်ထုတ်တွေ့ရှိရသဖြင့် အဆိုပါငွေကြေးနှင့် မော်တော်ယာဉ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

"ဧပြီလ (၈) ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားစာပေးပို့ခဲ့တာဖြစ်ပေမယ့် သင်္ကြန်တွင်း ရုံးပိတ်ရက်တွေနဲ့ မနေ့က (ဧပြီ ၂၄ရက်)နေ့မှ ရရှိခဲ့တာဖြစ်ပါတယ်။ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များက ထည့်ဝင်ပြီးတဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနဲ့ ပတ်သက်လို့ ဆောင်ရွက်သွားရန်ကိစ္စ အကြောင်းအရာပါစာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို ပေးပို့တာပါ"ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

အဆိုပါငွေကြေးအလွဲသုံးစားပြုထားမှုများအား တိုင်းဒေသကြီးအစိုးရထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပြီး ပျောက်ဆုံးနေသည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၇.၄၅၉)ဘီလီယံကျော် (ကျပ်သန်းပေါင်း ရ၀၀၀ ကျော်) အနက် ကျပ်(၄)ဘီလီယံကျော်ကို မဖော်ထုတ်နိုင်သေးကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ဆက်လက်ပြောကြားသည်။

ယခင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ နှင့် ရွှေသုခ အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥက္ကဌ ဦးကြည်ထွန်းတို့ထံမှ အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ယခင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူမှာ ဦးစိန်ဌေးဖြစ်ပြီး လက်ရှိဥက္ကဌ တာဝန်ယူထားသူမှာ ယခင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကြည်ထွန်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ယခင်အစိုးရဟောင်းလက်ထက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိခဲ့သော တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအား စစ်ဆေးရာ ကျပ် (၂.၈)ဘီလီယံကျော် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု အစိုးရအဆင့်သို့ တင်ပြစစ်ဆေးစေခဲ့ရာ အမှန်တကယ်ပျောက်ဆုံးနေသည့်ငွေမှာ ကျပ်(၇.၄၅၉)ဘီလီယံကျော်အထိ ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အလွှဲသုံးစားပြုခံရသည့် ငွေကျပ်(၇)ဘီလီယံကျော်အနက် ငွေကျပ်(၃)ဘီလီယံကျော်အတွက်သာ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားစာတွင် ထုတ်ပြန်ထားသော်လည်း ကျန်ရှိနေသည့် ငွေကျပ်(၄)ဘီလီယံအား တိုင်းဒေသအတွင်း မည်သည့်နေရာ မည်ကဲ့သို့ သုံးစွဲသည်ကို ဖော်ထုတ်စုံစမ်းစစ်ဆေးဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်ထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required