သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် အီရန်နျူကလီးယားသဘောတူညီမှုအတွက် မရေရာမှုများ ကြီးထွားလာရာ ပြန်လည်သုံးသပ်ဆွေးနွေးနေ

သမ္မတ ဒေါ်နယ်ထရမ့်ကြောင့် အီရန်နျူကလီးယားသဘောတူညီမှုအတွက် မရေရာမှုများ ကြီးထွားလာရာ ပြန်လည်သုံးသပ်ဆွေးနွေးနေ

ဗီယင်နာ၊ ဧပြီ ၂၅ ။            ။ အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံတို့၏ သမိုင်းဝင် နျူကလီးယားသဘောတူညီမှု၏ အနာဂတ်နှင့် ပတ်သက်ပြီး အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လက်ထက်တွင် မရေရာမှုများ ကြီးထွားလာခြင်းကြောင့် ဗီယင်နာတွင် အဆိုပါ သဘောတူညီမှုကို အီရန်နှင့် အဓိကနိုင်ငံများ ဧပြီ ၂၅ ရက် တွေ့ဆုံကြကာ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ အင်အားကြီးခြောက်နိုင်ငံနှင့် သဘောတူညီမှု ရယူခဲ့သော အဆိုပါ နျူကလီးယားသဘောတူညီမှုတွင် အီရန်က ကိုယ်ဖက်ကို အသာစီးယူသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်အစိုးရ၏ အတည်ပြုပြောဆိုချက်ကို ယခုအစည်းအဝေးတွင် ဆွေးနွေးကြဖွယ်ရှိသည်။

အီရန်နှင့် အင်အားကြီး ခြောက်နိုင်ငံတို့၏ အဆိုပါ နျူကလီးယားသဘောတူညီမှုတွင် နျူကလီးယားဗုံး ပိုင်ဆိုင်လိုနေသည်ဟု စိုးရိမ်နေခြင်းများ ပြေလျှော့ရေးအတွက် အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားလုပ်ဆောင်မှုများကို ထိထိရောက်ရောက် ဖြတ်တောက်ပစ်ရမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် အီရန်၏ နျူကလီးယားနှင့် ပတ်သက်ကာ အမေရိကန်နှင့် ကုလသမဂ္ဂတို့က ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းဖယ်ရှားပေးခဲ့သည်။

သို့သော် အီရန်နိုင်ငံသည် သဘောတူညီမှုအပေါ်တွင် စိတ်သွင်းနှစ်မြုပ်ထားမှု မရှိသည်ကို တွေ့ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အခြားသော နယ်ပယ်များတွင် ၎င်း၏ လုပ်ဆောင်ရပ်တည်ချက်များက ပြသနေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပြီး အဆိုပါသဘောတူညီမှုအား ရက် ၉၀ ပြန်လည်သုံးသပ်ရေးကိုလည်း အမိန့်ထုတ်ခဲ့သည်။

ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်က ဆီးရီးယားသမ္မတ အာဆတ်အား ထောက်ပံ့နေခြင်းများ၊ ယီမင်ရှိ သူပုန်များကို နောက်ခံပြုနေခြင်းများနှင့် အီရတ်နှင့် လက်ဘနွန်က ပြည်သူ့စစ်များကိုလည်း ကျောထောက်နောက်ခံပြုနေခြင်းများအပြင် ၎င်း၏ ဖျက်အားပြင်း ဒုံးကျည်စီမံကိန်းများကို ရည်ညွန်းကာ ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အီရန်နျူကလီးယား သဘောတူညီမှု ပြန်လည်သုံးသပ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးကို သက်ဆိုင်ရာအကြီးတန်းသံတမန်များကြား တံခါးပိတ်ဆွေးနွေးကြခြင်းဖြစ်ကာ သတင်းထုတ်ပြန်ဖို့ အစီအစဉ်မရှိထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required