မုံးကိုးသင်းထောက်ဆရာနှစ်ဦးအမှု လားရှိုးမြို့နယ် တရားရုံးသို့ လွဲပြောင်းစစ်ဆေးမည်

မုံးကိုးသင်းထောက်ဆရာနှစ်ဦးအမှု လားရှိုးမြို့နယ် တရားရုံးသို့ လွဲပြောင်းစစ်ဆေးမည်
ဓာတ်ပုံ-နိုင်ငံတော် အတိုင်ပင်ခံရုံး

ချင်းမိုင်၊ ဧပြီ ၂၅ ။            ။ တပ်မတော်မှ ဖမ်းဆီး၍ တရားစွဲဆိုခံထားရသော သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ အမှုကို လာမည့် ၉ ရက်မှစတင်၍ လားရှိုးမြို့နယ် တရားရုံးသို့ လွဲပြောင်းစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
 
ဧပြီလ ၂၅ ရက်က မူဆယ်မြို့နယ် တရားရုံး ရုံးချိန်းတွင် တရားလိုသက်သေဘက်မှ လာရောက်ခြင်းမရှိသဖြင့် စစ်ဆေးခြင်းမရှိဘဲ အမှုကို လားရှိုးမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ကြောင်းနှင့် ရက်ချိန်းသာပေးလိုက်သည်ဟု သင်းထောက်ဆရာများ၏ ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။
 
“ဒီနေ့ ရုံးချိန်းရှိပါတယ်။ ဒါပေမဲ့ ဘာမှမစစ်ဘူး။ လားရှိုးကို transfer လွဲပြောင်းကျပြီ။ ဒီကြားထဲမှာ ပို့မယ်ထင်တယ်။ ပြီးခဲ့တဲ့ ၈ ရက်နေ့ ကျတာ ဒီနေ့ တရားရုံးက ကျပြီလို့ပဲ ပြောတယ်။ ဒီကြားထဲမှာ သူတို့ကို ပို့ရင်ပို့ မပို့နိုင်ရင်လည်း လာမယ့် ရုံးချိန်းက ၉ ရက် ဒါပဲ ပြောပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
 
သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့၏ အမှု စစ်ဆေးရန် တရားလိုဘက်မှ မူဆယ်တရားရုံးမှ လားရှိုးတရားရုံးသို့ လွှဲပြောင်းပေးရန် ရှမ်းပြည်နယ် တရားလွှတ်တော်ချုပ်သို့ လျှောက်ထားမှုအပေါ် ဧပြီလ ၈ ရက်က လွှဲပြောင်းလိုက်ကြောင်း အမိန့်ကျခဲ့ပြီးဖြစ်သည်။
 
ဖမ်းဆီး တရားစွဲခံရသူ နှစ်ဦးကို မူးဆယ်ရဲစခန်းမှ လားရှိုး အကျဉ်းထောင်သို့ ပြောင်းရွှေ့မည် ဖြစ်သေ်ာလည်း ပြောင်းရွှေ့မည့်ရက်ကိုမူ မသိရသေးကြောင်း မူဆယ်ရဲစခန်းကပြောကြောင်း ရှေ့နေ ဦးဘရန်ဒီးက မဇ္ဈိမကို ပြန်လည်ပြောပြသည်။
 
ပြီးခဲ့သည့် မတ်လမှ ယခုလထိ ပေးထားသော ရုံးချိန်းများတွင် စစ်ဆေးမည့် တရားလိုဘက်မှ သက်သေများ တရားရုံးသို့ ရောက်မလာသဖြင့် ရက်ချိန်းသာပေးနေခဲ့ရသည်။
 
ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မတရားအသင်း ပုဒ်မ ၁၇/၁နှင့် ပို့ကုန်သွင်းကုန်အက်ဥပဒေ ပုုဒ်မ ၈ တို့ဖြင့် တရားစွဲ ဆိုထားသလို၊ ဦးဒွမ်နောင်နောင်လတ်ကိုမူ တပ်မတော်အား ဂုစ်သရေ ညိုးနွမ်းစေမှု ပြစ်မှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရ ရက်နေ့မှစတင်၍ ရုံးထုတ်စစ်ဆေးခဲ့သည်။
 
၎င်းတို့ကို တပ်မတော်မှ ဗိုလ်မှူးကျော်ဇင်ထွန်းနှင့် မူဆယ် ရဲစခန်းမှူးအေးမြင့်တို့ တရားလို ပြုလုပ်ထားကာ စွဲဆိုထားပြီး တပ်မတော် အရာရှိများ၊ တပ်သားများ အပါအဝင် သက်သေ ၁၀ ဦး စစ်ဆေးမည် ဖြစ်သည်။ သို့သော် တရားလိုရှေ့နေများ လာရောက်အစစ်မခံ၍ ထိုအထဲမှ သက်သေခံ ပစ္စည်းရှာဖွေ သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သူ ဦးအိုက်စာဆိုသူကိုသာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ဆေးခဲ့ရသည်။
 
သင်းထောက်ဆရာနှစ်ဦးမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းက မုံုးကုန်းမြို့ ပေါ်ရှိ တပ်မတော် ဗျူဟာကုန်းအနီးမှ ပျောက်ဆုံးခဲ့ပြီးနောက် ၎င်းတို့ကို ကချင်လွတ်လပ်ရေးရေးတပ် (KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဆောင်ရွက်ခြင်း စသဖြင့် စွပ်စွဲကာ ဖမ်းဆီးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required