ကားအံဝှက်ထဲ သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၅ဝ ကျော်ကို ကားသမားနှင့်အတူ ရေပူတွင်ဖမ်းဆီးရမိ

ကားအံဝှက်ထဲ သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၅ဝ ကျော်ကို ကားသမားနှင့်အတူ ရေပူတွင်ဖမ်းဆီးရမိ
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

ရန်ကုန်၊ ဧပြီလ ၂၄ ။           ။ မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းအနီးတွင် ကားအံဝှက်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၅၅ တုံးဖမ်းဆီးရမိခဲ့ကြောင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ဧပြီလ ၂၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၂၄ ရက်၊ ည ၁၁ နာရီအချိန်၌ ရေပူစစ်ဆေးရေးအဖွဲ့များမှ စခန်းဂိတ်အနီးရှိ ကားများအားလုံးကို စစ်ဆေးခဲ့ရာ ခရီးသည်တစ်ဦးတင်ဆောင်လာသည့် ကြက်တူးရွေးကားထဲတွင် အံဝှက်လုပ်ကာ သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၅၅ တုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခရီးသည်ကို ပြန်လွှတ်ပေးခဲ့ကာ ကားသမားကို ညတွင်းချင်း သိန္နီမြို့နယ်ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ကျောက်စိမ်း ၅၅ တုံးမှာ နှစ်တုံးကကြီးတော့ ကားထဲကတောင်ထုတ်လို့မရသေးဘူး။ ကားထဲမှာပါတဲ့ ခရီးသည်ကို ပြန်လွှတ်ပေးခဲ့ပြီး ကားသမားကိုတော့ ညတုန်းကပဲ သိန႖ီရဲစခန်းကို အပ်ထားလိုက်ပြီ။ ဒီနေ့တော့ အမှုဖွင့်တာတွေဆက်လုပ်သွားမယ်”ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါဖမ်းဆီးရမိသည့် တရားမဝင်ကျောက်စိမ်းတုံး ၅၅ တုံးနှင့် ကျောက်စိမ်းတင်ဆောင်လာသည့် ယာဉ်ကို လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးကို လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် သတ္တုတွင်းဝန်ကြီးဌာနသို့ ထပ်မံလွဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ရေပူမြဲတမ်းစစ်ဆေးရေးစခန်းဂိတ်မှ နေ့စဉ် ကုန်တင်ကားပေါင်း ၅ဝဝဝ မှ ၆ဝဝဝထိ ဖြတ်သန်းသွားလာနေပြီး အဆိုပါ ကားများမှ တရားမဝင် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ၊ မှောင်ခိုကျောက်စိမ်းများနှင့် သစ်များ၊ အရည်အသွေးမမှီသည့် စားသောက်ကုန်များ၊ အခွန်မဲ့စားသောက်ကုန်စည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့မှ ၂၀၁၇၊ ဇန်နဝါရီ ၁၆ရက်မှ စတင်ကာ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required