ရသေ့တောင်၌ နေအိမ်အတွင်းဝင်ရောက်ကာ လုယက်လူသတ်မှုဖြစ်ပွား

ရသေ့တောင်၌ နေအိမ်အတွင်းဝင်ရောက်ကာ လုယက်လူသတ်မှုဖြစ်ပွား

ရသေ့တောင်၊ ဧပြီ ၂၅ ရက် ။            ။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ် အိုးဖောက်ကျေးရွာတွင် ပြီးခဲ့သည့်ညဥ့်က နေအိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်ကာ လုယက်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက်နေ့ ညဥ့် ၁၂ နာရီခန့်အချိန် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦနှင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေအိမ်အတွင်း အိပ်ပျော်လျှက်ရှိနေရာ အမည်မသိ သူစိမ်းနှစ်ဦးတို့ ရောက်ရှိလာကာ အစ်မဖြစ်သူ ဝတ်ဆင်ထားသည့် နားဋောင်းအပါအဝင် လက်ဝတ်လက်စားများကို ဖြုတ်ယူပြီး မိခင်ဖြစ်သူကို လည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

“အသတ်ခံရတဲ့ ဒေါ်ဖြူမကြီးဟာ ရွာထဲမှာ ကလေးမွေးတဲ့အိမ်ကို သွားပြီးတော့ သတင်းမေးနေတဲ့အချိန်မှာ ဖြစ်တာပါ။  သူ့ကလေးနှစ်ယောက်က အိမ်မှာအိမ်နေခဲ့ပါတယ်။ သူပြန်ရောက်လာတဲ့အချိန်မှာ မျက်နှာဖုံးတွေစွပ်ထားတဲ့ လူနှစ်ယောက်ဟာ သမီးလေးဆီက ရွှေတွေကိုဖြုတ်ယူပြီးတော့ သူဝတ်ထားတဲ့ နားဋောင်းကိုဖြုတ်ခိုင်းပြီးတော့ ငွေတွေတောင်းတယ်လို့ပြောပါတယ်။ ဒါနဲ့ ဒေါ်ဖြူမကြီးက သမီးနဲ့သားလေးကို လက်ဆွဲပြီးအပြင်ထွက်လာပြီးတော့ ကလေးတွေကို ထွက်ပြေးဖို့ခိုင်းလိုက်ပါတယ်။ ကလေးတွေပြေးသွားတဲ့အချိန်မှာ သူတို့မျက်နှာတွေကို ဖုံးထားတဲ့ အဝတ်စနဲ့ လက်ကိုချည်ပြီးတော့ လည်ပင်းလကိုလှီးပြီး ထားခဲ့တာလို့သိရပါတယ်။”ဟု အိုးဖောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကပြောသည်။ 

အသတ်ခံရသူ ဒေါ်ဖြူမကြီး (၂၈) နှစ်မှာ အိမ်ရှေ့မြေကြီးပေါ်တွင် ဓါးဒါဏ်ရာများဖြင့် လဲကျန်ခဲ့ပြီး ဓါးပြများပြန် သွားသည့်အချိန်မှ မိဘများနေအိမ်သို့ လာရောက်ရှိလာခဲ့သည့်အတွက် မောင်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လာရောက်အကြောင်းကြားခြင်းဖြစ်ကြောင်းသိရသည်။ 

“အခင်းဖြစ်တဲ့အချိန်မှာ ရွာသားတွေမသိလိုက်ဘူး။ ကျွန်တော်ဆီကို လာကြောင်းကြားတာက ညဉ့် ၁ နာရီ ၄၅ မိနစ် ရှိနေပါပြီ။ ဒါဏ်ရာကတော့ လည်ပင်းနောက်ဘက်မှာ နှစ်ချက်၊ ရှေ့ဘက်မှာ တစ်ချက်ပါ။ သူ့ကိုသေပြီဆိုပြီးတော့ ထားခဲ့ကြတာပါ။”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ 

လက်ရှိတွင် သတ်ဖြတ်ခံရသူ ဒေါ်ဖြူမကြီးမှာ ရသေ့တောင်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုများ ခံယူလျှက်ရှိကာ ၎င်း၏ အမျိုးသားဖြစ်သူ ဦးစောတင်မောင်မှာ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်လျှက်ရှိနေပြီး ကျေးရွာတွင် သားသမီးနှစ်ဦးတို့နှင့်အတူ စျေးဆိုင်ရောင်းချနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ 

“ဖြစ်စဉ်နဲ့ပါတ်သက်ပြီးတော့ စစ်ဆေးရောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အခု အခင်းဖြစ်ပွားခဲ့တဲ့ နေရာကို သွားဖို့ပြင်ဆင်နေပါတယ်။ ဘယ်လိုဖြစ်စဉ်မျိုးဆိုတာကိုတော့ ပြောပြလို့မရနိုင်သေးဘူး။ အမှုတော့ဖွင့်ထား ပြီးပါပြီ။”ဟု အမှုစစ်ရဲအရာရှိ ဇာနည်ထွန်းကပြောသည်။ 

အခင်းဖြစ်ပွားခဲ့ရာ အိုးဖောက်ကျေးရွာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမှတ် ၃ နယ်မြေအတွင်းတည်ရှိပြီး ယင်းအမှုနှင့် ပါတ်သက်ပြီး စေတီတောင်ရဲစခန်းမှ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly