တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတကာအဖွဲ့အစည်းများမှထောက်ပ့ံပေးခြင်းခွင့်ပြု၊ မပြု ကြားကာလစီမံမှုကော်မတီမှဆုံးဖြတ်မည်

တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံတကာအဖွဲ့အစည်းများမှထောက်ပ့ံပေးခြင်းခွင့်ပြု၊ မပြု ကြားကာလစီမံမှုကော်မတီမှဆုံးဖြတ်မည်

ရန်ကုန်၊ ဧပြီ ၂၅ ။             ။ တစ်နိုင်ငံလုံးပစ်​ခတ်​တိုက်​ခတ်​မှုရပ်​စဲ​ရေးစာချုပ် - NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အများစု ရိက္ခာအခက်အခဲကြံုနေရသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပ့ံပေးခြင်း ခွင့်ပြု၊ မပြုကို “ကြားကာလစီမံမှုကော်မတီ" မှ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပအိုဝ်​းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO)က နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောဆိုလိုက်သည်။

“အစုအဖွဲ့တွေကိုတာဝန်ပေးလိုက်ပါပြီ။ မြန်မြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါပြီ။ အဲ့လို လုပ်ပိုင်ခွင့်ကို JICMက ပေးခွင့်ရှိပါတယ်။ JICM က အဲ့ဒီ့ကိိစ္စတွေကို အရေးကြီးရင်ကြီးသလို အဖွဲ့ငယ်တစ်ဖွဲ့ ဖွဲ့​ပေးလိုက်ပါတယ်။ အဲ့အဖွဲ့က မိုးမကျခင်မှာတော့ ကျွန်တော်တို့ စားဝတ်နေရေးဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။ ထောက်ပံ့ခွင့်ပေးမပေးဆိုတာတော့ ခုနက ကော်မတီကပဲ ဆုံးဖြတ်မှာပါ။ ဘယ်သူ့ဆီကယူမလဲပေါ့။ အကူအညီက ဘာလိုလဲ​ပေါ့။ ဆိုလိုတာက အဓိက ဘာလိုလဲ။ ရိက္ခာဆန်လား၊ ဆီလား၊ ဆေးလား၊ ပညာရေးလား၊ ကျန်းမာရေးလား ၁၊ ၂ ကဘယ်သူ့ဆီမှာ ဘယ်အလှူရှင်ဆီမှာတင်မလဲ။ အဲ့တာက ခုနကလုပ်ပိုင်ခွင့်ပေးလိုက်တဲ့ အဲ့ဒီ့ကော်မတီလေးက ဆောင်ရွက်မှာပါ” ဟု ၎င်းကပြောဆိုသည်။

လက်မှတ်ထိုးထားသည့် ၈ဖွဲ့အထဲတွင် ကြားကာလစီမံမှုကော်မတီ ဖွဲ့ပြီးသားဖြစ်​သော်လည်း အစိုးရဘက်နှင့် တပ်မတော်ဘက်က ကိုယ်စားလှယ် ရွေးချယ်ပေးရန် လိုအပ်သေးကြောင်းသိရသည်။

NCA လက်မှတ်ထိုးထားသည့် အဖွဲ့များထဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU တစ်ဖွဲ့တည်းသာရိက္ခာပြတ်လပ်ခြင်းမရှိဘဲ ကျန်သည့်အဖွဲ့များတွင် ရိက္ခာအခက်အခဲရှိနေသည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ ကပြောဆိုသည်။

ပြည်ထောင်စုအစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဧပြီ ၂၄ နေပြည်တော်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားများဘက်မှ အဆိုပါအချက်များကို တင်ပြသောကြောင့် ကြားကာလစီမံမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်နေကြခြင်းလည်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်​သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက “အနည်းဆုံး ယခင်သမ္မတဦးသိန်းစိန်လက်ထက်တုန်းကရတဲ့ အခွင့်အရေးလောက်တော့ ပြန်ပြီးတော့ရချင်တယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့လက်မှတ်ထိုးပြီးတဲ့​နောက်ပိုင်း လုံးပါးပါးသွားမယ်​့ အနေအထားတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ကောင်းကောင်းမွန်မွန် မထိန်းနိုင်ဘူး။ စီမံခန်​့ခွဲမှုမပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့စစ်သားတွေကို ထိန်းဖို့ခက်သွားမှာဖြစ်တယ်။ အဲ့အတွက် အင်မတန်မှအရေးကြီးတဲ့ကိစ္စဖြစ်ပါလိမ့်မယ်" ဟုပြောဆိုသည်။

ယခင်သမ္မတဦးသိန်းစိန်လက်ထက် NCA ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ကို ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ ၂၀၁၆ ဇွန်လအထိ ရိက္ခာထောက်ပံ့ပေးခဲ့သည်။ သို့သော် NLD အစိုးရလက်ထက်တွင် လက်နက်ကိုင်အဖွဲ့များအတွက် နိုင်ငံတကာ၏ တိုက်ရိုက်ထောက်ပံ့မှုများကို တားဆီးခဲ့သဖြင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ရိက္ခာပြတ်တောက်မှုအချို့နှင့်ကြံုတွေ့နေရခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်​ခတ်​တိုက်​ခတ်​မှုရပ်​ဆဲ​ရေးစာချုပ်​ (NCA)ကို ပအိုဝ်​းအမျိုးသားလွတ်မြောက်ရေး အဖွဲ့(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အပါအဝင် အဖွဲ့ ၈ဖွဲ့ ကလက်မှတ်ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required