မုံရွာတွင် ကိုယ်စားလှယ်လောင်းအသုံးစရိတ် တင်သွင်းသူ (၁)ဦးတည်းသာရှိနေ

မုံရွာတွင် ကိုယ်စားလှယ်လောင်းအသုံးစရိတ် တင်သွင်းသူ (၁)ဦးတည်းသာရှိနေ

မုံရွာ၊ ဧပြီ ၂၅ ။             ။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သော မုံရွာမြို့တွင် ကိုယ်စားလှယ်လောင်း အသုံးစရိတ် တင်သွင်းသူ တစ်ဦးတည်းသာရှိနေသေးကြောင်း မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နောက်ဆုံးတင်သွင်းရမည့် မေ ၂ ရက် ရောက်ရှိရန် တစ်ပတ်သာကျန်ရှိတော့သည့် အချိန်ထိပင် ကိုယ်စားလှယ်လောင်း အသုံးစရိတ် လာရောက်တင်သွင်းသူမှာ တစ်ဦးတည်းသာရှိနေသေးသည့်အတွက် ၎င်းတို့အား နှိုးဆော်ပေးနေရကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးသောင်းတန်က ပြောသည်။

"အခုထိတော့ တ.စ.ည ပါတီက ကိုယ်စားလှယ်တစ်ဦးတည်းပဲ လာတင်သေးတယ်။ သက်မှတ်ရက်မတိုင်မီ လာတင်သွင်းနိုင်ဖို့အတွက် ကိုယ်စားလှယ်တွေကို အကြောင်းကြားပေးနေရတယ်။" ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းအသုံးစရိတ်တင်သွင်းရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း(၅)ဦးလုံးမှ လာရောင်တင်သွင်းရမည်ဖြစ်ပြီး အကယ်၍ လာရောက်တင်သွင်းခြင်းမရှိပါက အမည်ပျက်ယွင်းသူအဖြစ် ကြေညာသွားမည်ဖြစ်သည်။

"အမည်ပျက်စားရင်းကြေညာရင် နောက်(၅)နှစ်သက်တမ်းအတွင်း ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်လို့ မရပါဘူး။" ဟု ဦးသောင်းတန်က ရှင်းပြသည်။

ထို့ပြင် ကိုယ်စားလှယ်လောင်းအသုံးစရိတ် တင်သွင်းရာတွင်လည်း သိန်း၁၀၀ ကျော်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရာတွင် အနိုင်ရကိုယ်စားလှယ်အမည်စားရင်း ကြေညာပြီးနောက် ရက်ပေါင်း ၃၀ အတွင်း လာရောက်တင်သွင်းကြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly