နေပြည်တော်နယ်မြေတွင် ယှဉ်ပြိုင်ရန် အမတ်လောင်း ၉ဦး စာရင်းပေးထား၊ ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဒုဝန်ကြီး ဦးဇင်ယော်တို့ ပါဝင်

နေပြည်တော်နယ်မြေတွင် ယှဉ်ပြိုင်ရန် အမတ်လောင်း ၉ဦး စာရင်းပေးထား၊ ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဒုဝန်ကြီး ဦးဇင်ယော်တို့ ပါဝင်

နေပြည်တော် (မဇ္ဈိမ) ။ ။ လာမည့် အထွေထွေရွေးကောက်ပွဲတွင် အစိုးရရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းပေးထားသည့် အမတ်လောင်း ၉ဦးရှိပြီဟု ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီနယ်မြေ) ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ဦးအောင်ထက်ကျော်က ဇူလိုင် ၃၀ရက်တွင် ပြောသည်။
 
“ဒီနေ့အထိ ၉ဦးရှိပါပြီ။ အတည်မဖြစ်သေးပါဘူး။ ဩဂုတ်လ ၈ရက်ထိ လက်ခံမှာ” ဟု ဦးအောင်ကျော်ထက်က ဆိုသည်။
 
ဇူလိုင် ၃၀ထိ အမတ်လောင်းစာရင်း တင်သွင်းထားသည့် ကိုးဦးအနက် ပြည်သူ့လွှတ်တော်အမတ်လောင်း ၇ဦးနှင့် အမျိုးသားလွှတ်တော်အမတ်လောင်း ၂ဦးတို့ဖြစ်သည်။ အဆိုပါ ကိုးဦးတွင် လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားပြုယှဉ်ပြိုင်ရန် ၇ဦး၊ တစ်သီးပုဂ္ဂလအမတ်လောင်း တစ်ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အမတ်လောင်း တစ်ဦးတို့ဖြစ်သည်။
 
အဆိုပါ ကိုးဦးအနက် လက်ရှိအစိုးရဝန်ကြီးများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်တို့လည်း ပါဝင်သည်။
 
ထို့ပြင် ယခင်အစိုးရလက်ထက်၊ ပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်သူ ဦးမောင်ဦးလည်း အမတ်လောင်းစာရင်းတွင် ပါဝင်သည်။
 
ပြည်ထောင်စုကြံ့ခိုင်နှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်၏ မဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိမြို့နယ်တွင် ကိုယ်စားလှယ်လောင်း လျာထားခြင်းမရှိဘဲ သမ္မတဦးသိန်းစိန်အတွက် ချန်လှပ်ထားသည်ဟု ပါတီ၏ အထွေထွေအတွးရေးမှူး ဦးမောင်မောင်သိမ်းက ဇူလိုင် ၂၉တွင် ပြောဆိုထားသည်။
 
နေပြည်တောင်ကောင်စီနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၃၀ထိ စာရင်းပေးထားသော အမတ်လောင်း ကိုးဦး၏ အမည်၊ မဲဆန္ဒနယ်နှင့် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်
ဦးမြင့်လွင်သန်း၊ တစ်သီးပုဂ္ဂလ၊ ပုဗ္ဗသီရိမြို့နယ်
ဦးကြည်မြင့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဥတ္တရသီရိမြို့နယ်
ဦးမောင်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တပ်ကုန်းမြို့နယ်
ဦးဇင်ယော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လယ်ဝေးမြို့နယ်
ဦးမြင့်လှိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒက္ခိဏသီရိမြို့နယ်
ဦးလှသိန်းဆွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဥတ္တရသီရိမြို့နယ်
ဒေါ်ဝင်းဝင်းသီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပျဉ်းမနားမြို့နယ်
 အမျိုးသားလွှတ်တော်
ဦးခင်မောင်ဌေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဦးမှတ်ကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly