၂၁ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မေ ၂၄ရက်တွင် ကျင်းပမည်

၂၁ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မေ ၂၄ရက်တွင် ကျင်းပမည်
ဓာတ်ပုံ- Myanmar State Counsellor Office

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မေလ ၂၄ရက်တွင်း ကျင်းပရန် ဧပြီ ၂၄ရက်က ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။ 

အစည်းအဝေးတွင် (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် နေ့ရက်သတ်မှတ်ခြင်း၊ အဆိုပါ (၂၁) ရာစုပင်လုံတွင် အားလုံး လက်ခံနိုင်သော အခြေခံမူဝါဒ ဖော်ထုတ် နိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးသော အဖွဲ့များ ဆိုင်ရာကိစ္စ၊ JMC မှ အတည်ပြုထားသော Standard Operating Procedure (SOP) များအား JICM က အတည်ပြုခြင်း၊ ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုုပ်ငန်းလမ်းညွှန်တွင် JMC အဆင့်ဆင့်၏ လုုပ်ပိုုင်ခွင့်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ကြားကာလစီမံမှု အစီအစဉ်ဆိုင်ရာကိစ္စ၊ အပစ်ရပ်နယ်မြေ၊ အပစ်ရပ်ဒေသ သတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို JCB သို့ တင်ပြ၍ ညှိနှိုင်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမို ပါဝင်လာရေးအပါအဝင် အချက် ၁၂ချက်ကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ထားသည်။ 

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ နှစ်ဖက် သဘောတူညီထားသော Bilateral Agreement စာချုပ်ပါ သဘောတူညီချက်များမှ ဆောင်ရွက်ရန် ကျန်ရှိသော သဘောတူညီချက်များဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက် အမှာစကားပြောခဲ့ပြီး "ကျွန်မဒီအစည်းအဝေးကို အကျိုးရှိတယ်လို့သတ်မှတ်ပါတယ်။ ဘာဖြစ်လို့အကျိုးရှိတယ်လို့ သတ်မှတ်သလဲဆိုတော့ ပွင့်ပွင့် လင်းလင်းပြောတဲ့နေရာမှာ ပိုပြီးတော့တိုးတက်လာတယ်လို့ ကျွန်မတို့မြင်ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောမတူတာတွေရှိပါတယ်။ သဘောမတူချက်တွေကို ပွင့်ပွင့်လင်းလင်း ပိုပြီးတော့ပြောနိုင်တာကိုက အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက်တည်ဆောက် ရေးဟာ အောင်မြင်လာတယ်လို့ ကျွန်မဒီလိုပဲသတ်မှတ်ပါတယ်။" ဟု ဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်း ဆောင် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များဖြစ်ကြ သည့် ဒေါက်တာ နော်ကပေါ်ထူး၊ စိုင်းလ၊ ခိုင်စိုးနိုင်အောင်၊ ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ဦးသံခဲ၊ စောမိုရှေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required