ရွာသားကို လက်ရောက်မိခဲ့တဲ့ တနင်္သာရီတိုင်းလွှတ်တော်အမတ် ပြန်လည်ရှင်းလင်းတောင်းပန်ရ

ရွာသားကို လက်ရောက်မိခဲ့တဲ့ တနင်္သာရီတိုင်းလွှတ်တော်အမတ် ပြန်လည်ရှင်းလင်းတောင်းပန်ရ

မြိတ်၊ ဧပြီ ၂၄ ။                   ။ ကျေးရွာသားကို တနင်္သာရီတိုင်းလွှတ်တော်အမတ်က လက်ရောက်မှုကျူးလွန်သည့် ဗီဒီယိုဖိုင် အင်တာနက်လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ပြီးနောက် လက်ရောက်မှုကျူးလွန်ခံရသူ ဦးထွန်းလှနှင့်တကွ မဲဆန္ဒရှင်ပြည်သူများကို လွှတ်တော်အမတ် ဦးရဲမြင့်ဆွေက ဧပြီ ၂၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပဝရွာမ ကျေးရွာရှိ ဦးမျိုးငယ်၏ နေအိမ်မှာ ပြန်လည်ရှင်းလင်းတောင်းပန်မှု ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အားနည်းခဲ့ရသည့်ချက်များကို အားအဖြစ်ပြန်အသုံးချ၍ ယခုထက်ပိုအလုပ် လုပ်သွားရန်ကိုလည်း ၎င်းက ကတိပေးပြောကြားခဲ့သည်။

"အခုဖြစ်တာနဲ့ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူအားလုံးကို တောင်းပန်ပါတယ်။ ဒီလိုနောက်မဖြစ်အောင်လည်း ကတိပြုပါတယ်”ဟု ဦးရဲမြင့်ဆွေကပြောသည်။

ရှင်းလင်းပွဲနှင့်ပတ်သက်ပြီး ကျေနပ်မှုရှိကြောင်း လက်ရောက်မှု ကျူးလွန်ခံရသည့် ရွာသား ဦးထွန်းလှက ပြောသည်။ ၎င်းမှာ ဖုန်းမရှိသဖြင့် ယခုတင်ခဲ့သည့် ဗီဒီယိုဖိုင်ကို သိရှိခြင်းမရှိဘဲ အခြားရည်ရွယ်ချက်လည်း လုံးဝမရှိပါကြောင်း ကာယကံရှင် ဦးထွန်းလှကဆိုသည်။

ထို့အပြင် လက်ရှိအချိန်၌ မည်သည့်ပါတီဝင်အဖြစ်မှမဟုတ်ဘဲ ကျေးရွာဒေသခံတစ်ဦးအနေဖြင့်သာ ကျောင်းကိစ္စနှင့် ပတ်သက်၍ ဝင်ရောက်ဆွေးနွေးခြင်းဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပဝချောင်းထဲကျေးရွာအတွက် အ.လ.ကကျောင်း(ခွဲ)ဆောက်လုပ်နေမှု၌ ကျေးရွာဒေသခံများက ကျေနပ်မှုမရှိသဖြင့် တိုင်ကြားခဲ့ပြီး ဧပြီ ၈ ရက်က လွှတ်တော်ကိုယ်စားလှယ်သွားရောက်စစ်ဆေးခဲ့ရာ ဒေသခံများ တောင်းဆိုသည့်အချက်များနှင့် တံခါးကျဉ်းဘောင်လဲလှယ်တပ်ဆင်သည့်နေရာ၌ ကိုက်ညီသည့်သစ်မာသားမျိုး ပြန်လည်လဲလှယ်တပ်ဆင်ရမည်ဆိုပါက လဲလှယ်တပ်ဆင်ပြီး နောက်ပိုင်း ကျောင်း၏ခိုင်ခံ့မှု အခြေအနေအပေါ် ဒေသခံရွာသားများသာ တာဝန်ယူရမည့်အခြေအနေဖြစ်ခဲ့ရပြီး ပဝရွာမကျေးရွာသားဦးထွန်းလှက ဝင်ရောက် ဆွေးနွေးခဲ့ရာမှ ယင်းကဲ့သို့ ဖြစ်စဉ်များဖြစ်ခဲ့ရကြောင်းသိရသည်။ 

အဆိုပါလက်ရောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြည်သူများအပေါ် မိမိ၏မဲဆန္ဒရှင်များအပေါ် မည်သို့ ဆက်ဆံရမည်ကို ပါတီမှဖြစ်စေ လွှတ်တော်မှဖြစ်စေ ကျင့်ဝတ်ရှင်းရှင်းလင်းလင်းရှိသင့်ပြီး ယခုကဲ့သို့ ပြုမူခဲ့ခြင်းမှာ လက်မခံသင့်သည့်ကိစ္စဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြင့်ကျော်ကသုံးသပ်သည်။

အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်အနေဖြင့်လည်း ပါတီလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဟု မြန်မာတိုင်းနေ့စဉ်သတင်းစာသို့ ပြောဆိုထားသကဲ့သို့၊ တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ အနေဖြင့်လည်း ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌက မဇ္ဈိမကို ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required