ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကား ဧပြီ ၂၈ရက်တွင် ရုံတင်ပြသမည်

ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကား ဧပြီ ၂၈ရက်တွင် ရုံတင်ပြသမည်

ရန်ကုန်၊ ဧပြီ ၂၄ ။             ။ စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ) ၏ နာမည်ကြီး ဝတ္ထုတစ်ခု ဖြစ်သည့် ခေါက်ထီးလေးမလုံ့တလုံ ၀တ္ထုစာအုပ်ကို ဒါရိုက်တာ မီးပွားမှ ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းထားပြီး အဆိုပါဇာတ်ကားကို ဧပြီ ၂၈ရက်တွင် စတင်ရုံတင်ပြသတော့မည် ဖြစ်သည်။
 
ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်းကို ဧပြီ ၂၃ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်များ ပါဝင် သရုပ်ဆောင်ကြသည့် သရုပ်ဆောင်များနှင့် စာနယ်ဇင်းမီဒီယာများမှ တက်ရောက်ခဲ့ကြသည်။
 
ထိုရုပ်ရှင်ဇာတ်ကားသည် ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပြီး ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကြောင့် ပြည့်တန်ဆာဖြစ်သွားခဲ့ရသည့် မိန်းကလေးတစ်ဦး၏ အကြောင်းကို အခြေခံကာ ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။
 
ရှေ့နေတစ်ဦးဖြစ်သည့် အမွန် (ခ) ရွှေစင်မွန် အဖြစ် သရုပ်ဆောင် စိုးပြည့်သဇင်၊ ပြည့်တန်ဆာ တစ်ဦးဖြစ်သည့် ခရေ (ခေါ်) နုနုကြွေ အဖြစ် သရုပ်ဆောင် အေးမြတ်သူ၊ ကိုခင်ဇော်ဦးအဖြစ် မင်းမော်ကွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြသည်။
 
သရုပ်ဆောင် အေးမြတ်သူက “ကိုယ်က ကြွေဇာတ်ရုပ် မဖြစ်မှာတော့ စိုးရိမ်စိတ်မရှိပါဘူး။ စာပေလောကမှာ နာမည်အရမ်းကြီးတဲ့ ဝတ္ထုပြီးတော့ ဦးပွားကလည်း သေချာသင်တဲ့ ဒါရိုက်တာ ဖြစ်တာကြောင့် စရိုက်ကတည်းက စိတ်ပူတာတော့ မရှိခဲ့ဘူး။ ကြွေ ဇာတ်ကောင်ဖြစ်အောင် ဇာတ်ကားမှာ ပါတဲ့ ဇာတ်ကောင်းတိုင်းက ပံ့ပိုး ကူညီ ကြတယ်။ ကြွေဖြစ်မဖြစ်ကတော့ ပရိသတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ယူရမှာပါ” ဟု ပြောသည်။
 
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဝတ္တု စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဇာတ်ညွှန်း မိုးနီလွင်ရေးသားကာ ဒါရိုက်တာ မီးပွားမှ ရိုက်ကူးပုံဖော်ထားသည်။ သရုပ်ဆောင်များအဖြစ် မင်းမော်ကွန်း၊ စိုးပြည့်သဇင်၊ အေးမြတ်သူ၊ ဧည့်သည်သရုပ်ဆောင် ရန်အောင်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ မင်းဦး နှင့် အနုပညာရှင်များစွာမှ ပါဝင် သရုပ်ဆောင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly