YBS စနစ် အဆင်မပြေကြောင်း ရန်ကုန်တိုင်းတိုင်းလွှတ်တော်အမတ် သုံးပုံတပုံခန့် ဝေဖန်

YBS စနစ် အဆင်မပြေကြောင်း ရန်ကုန်တိုင်းတိုင်းလွှတ်တော်အမတ် သုံးပုံတပုံခန့် ဝေဖန်

ရန်ကုန်၊ ဧပြီ ၂၄ ။                 ။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖော်ဆောင်လုပ်ကိုင်နေသည့် YBS(Yangon Bus Services) စနစ်သည် အဆင်မပြေမှုများနှင့် ကြံုတွေ့နေရသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံခန့်က လွှတ်တော်၌ ဝေဖန်ထောက်ပြပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၈ ရက်မြောက်နေ့တွင် အင်းစိန်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ "ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့် အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေးပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို" ကို လွှတ်တော်၌ ဆွေးနွေးစဉ် ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လက်ရှိ YBS အပေါ် ပြည်သူလူထုက ယုံကြည်မှု လျော့နည်းနေကြောင်း ထောက်ပြခဲ့ကာ "ပြည်သူအတွက် YBS မဟုတ်ဘဲ ပြည်သူစိတ်ပျက် YBS ဖြစ်နေပြီ"ဟု လွှတ်တော်၌ ပြောဆိုခဲ့သည်။

ယင်းအဆိုအား လွှတ်တော်၌ ဆွေးနွေးစဉ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါ်နီလာကျော်တစ်ဦးတည်းသာ လွှတ်တော်တွင် ကျန်နေခဲ့ပြီး ဝန်ကြီးချုပ်နှင့် ကျန်ရှိသည့် ဝန်ကြီး ရ ဦး တက်ရောက်ခဲ့ခြင်းမရှိပေ။

ယနေ့လွှတ်တော်၌ ဆွေးနွေးသည့် ကိုယ်စားလှယ်အများစုအနေဖြင့် အစိုးရက ဖော်ဆောင်သည့် YBS ဘတ်စ်ကား စနစ်ကို လက်ခံကြိုဆိုသော်လည်း ပြည်သူလူထုအား အသိပေးရာတွင် အချိန်ကာလတိုတောင်းကြောင်း၊ တိကျသေချာသည့် အစီအစဉ်များဖြင့် သေချာစွာ ဆောင်ရွက်မှုအားနည်းကြောင်း၊ စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများ ယာဉ်နောက်လိုက်များအား အရေးယူမှု အားနည်းကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

ထို့အပြင် ရွေးကောက်ခံဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံနည်းပါးခန့်က ထောက်ခံဆွေးနွေးခဲ့သည့် ယင်းအဆိုအား ဆုံးဖြတ်ရန် ရက်ရွှေ့ဆိုင်းသင့်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်ဥက္ကဋ္ဌအား တင်ပြခဲ့သည်။

လွှတ်တော်တွင် အဆိုတစ်ရပ်ဆွေးနွေးပြီးပါက အဆိုအား အတည်ပြုခြင်း၊ မပြုခြင်း၊ မှတ်တမ်းတင်ထားရှိခြင်း စသည်ဖြင့် ပြုလုပ်သော်လည်း လက်ရှိဆွေးနွေးထားသည့် YBS အဆိုအား ဧပြီ ၂၇ ရက်တွင် ကျင်းပမည့် လွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်က မှတ်ချက်ပြုပြီးနောက် အဆိုရှင်၏ သဘောထားတို့တောင်းခံပြီးမှသာ ဆုံးဖြတ်မည်ဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required