အမေရိကန်ရောက် မြန်မာ့လူ့အသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦး Community leader ဆုရရှိ

အမေရိကန်ရောက် မြန်မာ့လူ့အသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦး Community leader ဆုရရှိ

ရန်ကုန်၊ ဧပြီ ၂၃ ။           ။ အင်ဒီယားနားပို့လဇ်၊ အင်ဒီယားနား- Burmese American Community Institute(BACI)၏ အမှုဆောင်ဒါရိုက်တာဖြစ်သည့် Elaisa Vahnieကို အင်ဒီယားနားတက္ကသိုလ်-ပါဒျူးတက္ကသိုလ် အင်ဒီယားနားပို့လဇ်မြို့(IUPUI)၏ အာရှကျောင်းသားသမဂ္ဂကနေ တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ၄င်းတို့၏ အာရှအမွေအနှစ် နှစ်ပတ်လည်ညစာစားပွဲမှာ ဂုဏ်ပြုခဲ့သည်။ 

အင်ဒီယားနားပို့လဇ် မြန်မာ့လူ့အသိုင်းအဝိုင်း၏ ခေါင်းဆောင်ဖြစ်သည့် Vahnieသည် Community Leader Awardဆုချီးမြှင့်ခံရသူ သုံးဦးအနက် တစ်ဦးဖြစ်ပြီး အင်ဒီယားနားပို့လဇ်မြို့ အာရှ သို့မဟုတ် ပစိဖိတ်ကျွန်းဆွယ် လူ့အသိုက်အဝန်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ထောက်ပ့ံကြေးရကျောင်းသားတစ်ဦးလည်းဖြစ်သည်။

Community Leader Awardဆိုသည်မှာ အင်ဒီယားနားပို့လဇ်မြို့တွင်းရှိ အာရှ သို့မဟုတ် ပစိဖိတ်ကျွန်းဆွယ် လူ့အသိုက်အဝန်းအတွက် လုပ်ဆောင်ပေးမှုများနှင့် အကူအညီများ ပ့ံပိုးပေးနိုင်သော ထူးချွန်သည့်ခေါင်းဆောင်များကို ပေးအပ်သောဆုဖြစ်ကြောင်း ASU (Arizona State University)၏ ထုတ်ပြန်ချက်အရ သိရသည်။

စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၁ခုနှစ်ကစပြီး BACIက ဒုက္ခသည်ပေါင်း ၄၀၀၀ကျော်ကို ကူညီထောက်ပ့ံပေးခဲ့ပြီးဖြစ်သည်။ ဒုက္ခသည်အများစုမှာ တိုင်းရင်းသားလူနည်းစု မျိုးဝင်များဖြစ်ပြီး အင်ဒီယားနားပြည်နယ်အလယ်ပိုင်းတွင် အခြေချနေထိုင်သူများ သို့မဟုတ် အခြားမြို့များမှ ရွေ့ပြောင်းလာသူများဖြစ်သည်။အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် BACIသည် အင်္ဂလိပ်ဘာသာစကားနှင့် အရပ်ဘက်ဆိုင်ရာ သင်တန်းများ၊နိုင်ငံသားအဖြစ်ခံယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊အသေးစားစီးပွားရေးလုပ်ငန်းများစတင်ခြင်းနှင့် ရေရှည်တည်တံ့သည့် အလုပ်ခန့်အပ်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပ့ံများပေးခြင်းနှင့် မြန်မာအထက်တန်းကျောင်းသားများကို အမေရိကန်ကောလိပ်ပညာရေးအတွက် အဆင့်မြင့်ပညာရေးအစီအစဉ်များကို ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။

“ဒီဆုနဲ့ထိုက်တန်တာထက်ကို ပိုတဲ့ မစ္စတာ Elaisa Vahnieကို ဂုဏ်ပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပညာရေးနဲ့ခေါင်းဆောင်မှုဆိုင်ရာကျွမ်းကျင်မှုတွေကို သုံးပြီး အင်ဒီယားနားပို့လဇ်နဲ့ အခြားနေရာတွေက မြန်မာဒုက္ခသည်တွေရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့လို့ပါပဲ” ဟု BACI၏ ဘုတ်အဖွဲ့ဝင် Bonnie Kaneကပြောသည်။ 

BACIသည် ၂၀၁၅ခုနှစ်တွင် IUPUIမှာ ကျင်းပခဲ့သည့် ပထမဆုံး အမေရိကန်-မြန်မာဆက်ဆံရေး ဆွေးနွေးပွဲအပါအဝင် များစွာသော ပြည်တွင်းပြည်ပ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ 

နိုင်ငံတွင်းရှေ့ပြေးလုပ်ဆောင်ချက်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် မြန်မာကျောင်းသားများနှင့် ပညာရှင်များကို ချိတ်ဆက်ပေးနိုင်ရန်နှင့် ၎င်းတို့၏ အဖွဲ့ဝင်များကို ပညာရပ်ပိုင်းဆိုင်ရာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်မှုအတွက် ထောက်ပံ့နိုင်ရန် ရည်ရွယ်ပြီး အမေရိကန်ရောက် မြန်မာကျောင်းသားများနှင့်ပညာရှင်များကွန်ယက် (MSPNUSA)ကို ယခုနှစ်အစောပိုင်းတွင် ဖွဲ့စည်းပေးခဲ့သည်။

“BACIအနေနဲ့ ကောလိပ်ပညာရေးမှာ ကြံုတွေ့ရတဲ့အခက်အခဲများအတွက် ကျောင်းသားတွေကို ပြင်ဆင်ပေးရတဲ့ ကြီးမားတဲ့တာဝန်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ အဓိက ခေါင်းဆောင်ဖြစ်တဲ့ Mr. Vahnie ဂုဏ်ပြုခံရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်”ဟု IUPUI၏ အငယ်တန်းသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး BACI၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ Bruce Rayက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required