သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်းကို မျှော်မှန်းထားပြီး ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်မည်

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်းကို မျှော်မှန်းထားပြီး ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်မည်

မြန်မာသမ္မတဦးသိန်းစိန်က နိုဝင်ဘာရွေးကောက်ပွဲများအလွန် ၂၀၁၆ခုနှစ်အစောပိုင်း လက်ရှိသက်တမ်း ကုန်ဆုံးချိန်အထိ သူ့ရည်မှန်းသည့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားရန် ရည်ရွယ်ထားကြောင်း ပြောဆိုသည်။

ပြုပြင်ပြောင်းလဲမှုများမှာ တန့်အီနေပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာလည်း နောက်ပြန်သွားနေသည်ဟူသည့် လတ်တလော ထွက်ပေါ်လာနေသည့် စွဲချက်များကိုလည်း ငြင်းပယ်သွားခဲ့သည်။

Nikkei Asian Review နှင့် ဇူလိုင် ၂၉ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာတွင် သမ္မတက လက်ရှိသက်တမ်းပြီးလျှင် အနားယူတော့မည်ဟု အစောပိုင်းက ပြောကြားခဲ့သည့် သဘောထားကို ပြောင်းလဲခဲ့ပြီး ဒုတိယအကြိမ် သမ္မတသက်တမ်းကို ထမ်းဆောင်ရန် ဆန္ဒရှိသည်ဟု ဆိုသည်။ 

သို့ရာတွင် "နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် ပြည်သူလူထု၏ ဆန္ဒအပေါ်တွင် မူတည်ကြောင်း" လည်းပြောကြားခဲ့သည်။

ဦးသိန်းစိန်က သူ့အစိုးရ၏ နောက်ဆုံးရက်များတွင် ထိပ်တန်းဦးစားပေးအနေဖြင့် နိုင်ငံတစ်ဝန်းလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီတွင် အပြီးသတ် လက်မှတ်ထိုးနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိကြောင်းလည်း အခိုင်အမာ ပြသခဲ့သည်။ 

အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုနက်နဲခိုင်မာစေပြီး၊ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်ကဏ္ဍကို ဗဟိုပြုသည့် စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြှင့်တင်ကာ ကုန်ကြမ်းပစ္စည်းများကိုသာ တင်ပို့နေရသည့်ဘဝမှ အရည်အသွေးရှိ ထုတ်ကုန်နိုင်ငံအဆင့်သို့ တက်လှမ်းရန် စီမံကိန်းများကိုလည်း အစပြုနိုင်ခဲ့သည်။  

"ကျွန်တော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေဟာ တန့်အီနေတယ်။ ဒါမှမဟုတ် နောက်ပြန်သွားနေတယ် ဆိုတာကို လက်မခံပါဘူး။" ဟု သမ္မတဦးသိန်းစိန်က နေပြည်တော်ရှိ သမ္မတနန်းတော်တွင် ပြောကြားခဲ့သည်။ 

၎င်း၏အစိုးရမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ဝင်ငွေမြှင့်တင်ရေး မဟာရည်မှန်းချက်ကြီးကို ပေါက်မြောက် မရောက်ရှိသေးကြောင်းကိုမူ အသိအမှတ်ပြု ဝန်ခံခဲ့သော်လည်း သူ၏သမ္မတသက်တမ်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများတွင် "ထင်သာမြင်သာသည့် အောင်မြင်မှုများ" ရရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ယင်းအောင်မြင်မှုများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲများကို သိသိသာသာ လျှော့ချနိုင်မှုကဲ့သို့သော နိုင်ငံရေးနှင့် လုံခြုံရေး ဖွံ့ဖြိုးတိုးတက်မှုများလည်း ပါဝင်သကဲ့သို့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီသစ် ၈၀ နီးပါးပေါ်ထွက်လာသည်။ တချို့ပါတီများမှာ နိုင်ငံရေးအကျဉ်းသား ဟောင်းများက ဦးဆောင်နေခြင်းဖြစ်သည်။ 

"ကျွန်တော်တို့ရဲ့ အရေးပါအထင်ရှားဆုံးအောင်မြင်မှုတစ်ခုအနေနဲ့ဆိုရင် စစ်အစိုးရကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖြစ်ကို သွေးမြေမကျဘဲ ငြိမ်းချမ်းတည်ငြိမ်စွာ ပြောင်းလဲနိုင်ခဲ့တာပါပဲ။ ဒါက မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ ချန်ရစ်ခဲ့တဲ့ အမွေပါပဲ။" ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

စီးပွားရေးမျက်နှာစာတွင်လည်း အစိုးရသစ်တက်ပြီး ၈လခန့်အကြာတွင်ပင် ကုန်ထုတ်စွမ်းရည်မြင့်မားပြီး ပို့ကုန်မြင့်တက် လာစေရန်အတွက် ကုန်ထုတ်ကဏ္ဍဖွံ့ဖြိုးမှုကို "အထူးပင်" အားပေးခဲ့သည်ဟုလည်း ၎င်းကပြောကြားသည်။

မှီခိုအားထားနိုင်ပြီး လုံလောက်သော လျှပ်စစ်ဓာတ်နှင့် နည်းပညာကဲ့သို့သော အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာရေးတွင်လည်း အရှိန်အဟုန်မြင့် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ စီးပွားရေးရည်မှန်းချက်များ ပြည့်မှီရောက်ရှိရန်မှာ ပြည်ပအကူအညီကလည်း အရေးကြီးခဲ့ကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

"ချို့တဲ့မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်လိုမျိုးအပါအဝင် အခြားနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ကိုင်ခဲ့ရတယ်။’’ ဟု ဦးသိန်းစိန်က ဂျပန်၏ ဖွံ့ဖြိုးမှုအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အသိအမှတ်ပြု ပြောကြားခဲ့သည်။

အထင်ကရ စီမံကိန်းကြီးများကိုလည်း အကောင်အထည်ဖော်ခဲ့ရာ ပထမအဆင့် ပြီးလုပြီးခင်ဖြစ်နေသည့် ရန်ကုန်အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန်ကိုလည်း ဂျပန်နှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသကဲ့သို့ ထားဝယ်စီးပွားရေးဇုန်နှင့် နိုင်ငံတောင်ပိုင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းများတွင်လည်း ဂျပန်က ထိုင်းနိုင်ငံနှင့်အတူ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။  

သို့ရာတွင် အစိုးရက စီးပွားရေးရည်မှန်းချက်များကို ကျော်လွန်၍ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို ယခုထက်ပိုမို ကျယ်ပြန့်စေလိုသော ဆန္ဒရှိနေကြောင်းလည်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရှိနေသည်။ အမေရိကန်ရင်းနှီးမြှုပ်နှံသူများကြား တွန့်ဆုတ်မှုများ ရှိနေလင့်ကစား ဆက်ဆံရေးမှာမူ သိသိသာသာ နွေးထွေးလာခဲ့သည်ဟု ဆိုသည်။

"ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့ပေးလိုက်ပေမယ့် လုံးဝကြီး ရုပ်သိမ်းလိုက်တာမျိုးတော့ မဟုတ်သေးဘူး။ ဒါပေမယ့် သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံကို ချဉ်းကပ်တဲ့ ပေါ်လစီပြောင်းသွားတယ်။ ဒီလိုပြောင်းသွားခဲ့လို့ ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးကောင်းလာခဲ့တယ်။’’ ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
Ref; Nikkei

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required