အစိုုးရသစ် အမျိုးသမီးအရေး စိတ်ဝင်စားရဲ့လား

အစိုုးရသစ် အမျိုးသမီးအရေး စိတ်ဝင်စားရဲ့လား

“လက်ရှိအခြေအနေက ပဋ္ဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေက  အမျိုးသမီးတွေ လုံခြံုဖို့ မပြောနဲ့ဦး၊  မြို့ပေါ်မှာနေတဲ့ ကိုယ်တွေတောင် လုံခြံုဖို့ သိပ်အာမခံချက်ရှိတာ မဟုတ်ဘူး” ဟု ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက်( Gender Equality Network) မှ မမေစံပယ်ဖြူက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်လက်ထက်၊ ၂၀၁၆ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး မုဒိမ်းမှု (၁၁၀၀) ဖြစ်ပွားပြီး အရွယ်ရောက်ပြီးသူ မုဒိမ်းကျင့်ခံရမှု (၄၉၂)မှုနှင့်  အ ရွယ်မရောက်သေးသူ သက်ငယ်မုဒိမ်းမှု(၆၇၁)မှုရှိကြောင်း မြန်မာနိုင်ငံ၊ ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည် မုဒိမ်းမှုစာရင်းအရ တရက်လျှင် အမျိုးသမီး(၃)ဦးနှုန်း အဓမ္မပြု ကျင့်ခံနေရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု၊ လုယက်မှုများ ပိုမိုများလာပြီး အမျိုး သမီးများအတွက် လုံခြံုရေးသည် ယခင်ကထက် ပိုမိုဆိုးရွားလာသည်ဟု အမျိုးသမီးရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများက ဆိုကြသည်။

“အကြမ်းဖက်ခံရမှုတွေတော့ လူသိရှင်ကြားပိုတွေ့လာရတယ်။ အဲဒါက အစိုးရသစ်ကြောင့်လို့ တော့ပြောလို့ မရဘူး။ လူတွေက သတင်းပို့တတ်လာတာ၊ အကြမ်းဖက်ခံရရင် တုံ့ပြန်ပြောဆိုဖို့ ဝန်မလေးတော့တာ၊ အဲဒါတွေကြောင့်ပါ” ဟု မမေစံပယ်ဖြူက ပြောသည်။

အစိုးရသစ်လက်ထက်တွင် အမျိုးသမီးများအတွက် လုံခြံုရေး ပိုမိုစိုးရိမ်လာရကြောင်း၊ မကြာခဏ လုယက်မှု၊ အိမ်တွင်းအနုကြမ်းစီးမှုများ ဖြစ်ပွားသကဲ့သို့  လူအသွားအလာများသည့်   လေဆိပ်ကဲ့သိုု့ နေရာမျိုးတွင်ပင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အမျိုးသမီးများအနေဖြင့် တနေ့ထက်တနေ့ စိုးရမ်ပူပန်မှုများဖြင့် ဖြတ်သန်းနေရကြောင်း ရန်ကုန်မြို့တွင် နေထိုင်သည့်  အသက် (၄၀) ကျော် မချောစုက ဆိုသည်။

“ တနှစ်အတွင်းမှာ ပြဿနာတွေ အများကြီးဖြစ်ခဲ့တယ်။ မြို့ထဲဖြစ်ဖြစ်၊ မြို့ပြင်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ်၊ နေ့ဖြစ်ဖြစ်၊ အချိန်တိုင်း နေရာတိုင်း တွေးကြောက်နေရတယ်။ အိမ်ထဲတောင် တယောက်တည်း မနေရဲဘူး။ အကြမ်းဖက်ခံနေရတဲ့သတင်းတွေလည်း နေ့တိုင်းလိုလို ကြားနေရတော့ ကျွန်မတို့အတွက် ဘယ်မှာ နေရမှန်းတောင် မသိတော့ဘူး” ဟု မချောစုက ပြောသည်။

ထိုကဲ့သို့ မုဒိန်းမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ အများအပြား ဖြစ်ပေါ်နေသော် လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အစိုးရသစ်တာဝန်ယူခဲ့သည့် (၁)နှစ် ကျော် ကာလအတွင်းမှာ အမျိုးသမီးရေးကိစ္စကို ဦးစားပေးလုပ်ဆောင်ပေးမှု မရှိသေးကြောင်း အမျိုး သမီးရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ဆိုပါသည်။

ထို့ပြင် အစိုးရသစ် တက်လာသည့်နောက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုများပြားလာသောကြောင့် စစ်ဘေးရှောင်နေရသူ အမျိုးသမီးများစွာ ထွက်ပြေး တိမ်းရှောင်နေရသည်။

အစိုးရသစ်အနေဖြင့်  ရန်ကုန်မြို့အတွင်း ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သော်လည်း အမျိုးသမီးများ အတွက် အခက်အခဲများစွာ တွေ့နေရသေးကြောင်းကိုလည်း ကျားမရေးရာတန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူက ပြောသည်။

“ အစိုးရအဟောင်းရော အသစ်ရော အမျိုးသမီးတွေအတွက် လုံခြံုစိတ်ချမှုရှိတဲ့ ပတ်ဝန်းကျင် အလုပ်ခွင် လမ်းပန်းဆက်သွယ်ရေး စတာတွေကို ပိုကောင်းမွန်အောင် လုပ်ပေးဖို့လိုတယ်လို့ အလေးထားကြပုံ မရပါဘူး” ဟု မမေစံပယ်ဖြူ က ဆိုသည်။

အစိုးရသစ်သည် အမျိုးသမီးရေးအတွက် အစီအစဉ် ရေးဆွဲလုပ်ဆောင်မှု မတွေ့ရှိရကြောင်း၊ အ မျိုးသမီးများအပေါ် အကာအကွယ်ပေးရေး ဥပဒေတရပ်ကိုလည်း လွှတ်တော်တွင် ဦးစားပေး အနေဖြင့် လုပ်ဆောင်ခြင်းမျိုး မရှိကြောင်း၊ မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ မတင်တင်ညို က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တနည်းအားဖြင့် ပြည်သူမှ တင်မြှောက်သည့်အစိုးရ ဖွဲ့စည်း ရာတွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလွဲပြီး ကျန်သူများအားလုံး သည် အမျိုးသားများသာ ဖြစ်ခဲ့သည်။

“ကျမတိုု့တုုိင်းဒေသကြီး အစိုုးရအနေနဲ့တော့ အမျိုးသမီးအရေးကိုု စိတ်ဝင်စားမှုမရှိသလိုု နားလည် မှုလည်း မရှိဘူးလို့ ပြောရပါမယ်။ ပြီးတော့ ကျမတို့ ပြည်နယ်ဝန်ကြီးချုပ်အနေလည်း အမျိုးသမီး ဖြစ်ပေမယ့် အမျိုးသမီးအရေးမှာ ပါဝင်ဆောင်ရွက်မှုအနေနဲ့ ကျမတို့ဖိတ်တဲ့ အခမ်းအနားတွေ၊ သူတို့ အစိုးရကလုပ်တဲ့ အမျိုးသမီးများနေ့လို အခမ်းအနားတွေမှာ မိန့်ခွန်းလာပြောတာလောက် ပါပဲ” ဟု တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် ထားဝယ်အမျိုးသမီးသမဂ္ဂမှ အတွင်းရေးမှူး မယ်မာလာကျော်သိန်းက ပြောသည်။

တဖက်မှာလည်း ပွင့်လင်းလွတ်လပ်မှုနှင့် ပညာပေးမှုများ များပြားလာသည့်အတွက် အမှုအခင်းများ၊ ရာဇဝတ်မှုများကို ပိုမိုသိရှိလာကြရခြင်းဖြစ်သည်ဟုုလည်း ပြောကြသည်။

အစိုးရသစ် လက်ထက်အတွင်း မုဒိမ်းမှုများလာသည့်အပေါ် မတင်တင်ညိုက “အစိုးရသစ် လက် ထက်မှ မုဒိမ်းမှုတွေ ပိုများလာတယ်လို့ ပြောလို့တော့ မရပါဘူး။ ကျမတို့  လူမှုအသိုင်းအဝန်းမှာ   ဖြစ်နေခဲ့တာကြာပါပြီ။ တရားဥပဒေအရ သေချာဖြေရှင်းပေးနိုင်တာ မရှိတဲ့အပေါ် ပိုမိုအတင့်ရဲ လာကြတယ်လို့ ပြောလို့ ရပါတယ်” ဟု ဆိုသည်။

ယခုနောက်ပိုင်း အမျိုးသမီးများသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး မတရားမှုများကို တိုင် ကြားလာသည့်အတွက် မုဒိမ်းမှုများ ပိုများလာသည်ဟု ယူဆရကြောင်း၊ အမျိုးသမီးများအကြမ်း ဖက်ခံရသည့်ကိစ္စကို တိုင်ကြားသည့်အခါတွင်လည်း အမျိုးသမီးအရေးကို နားလည်ပေးသည့် ရှေ့ နေများ၊ ရဲများ၊ တရားသူကြီးများ လိုအပ်ကြောင်း မတင်တင်ညို ကပြောသည်။

သို့သော် အစိုးရအနေဖြင့် အမျိုးသမီးများ၏ လုံုခြံုရေးအတွက် အခိုင်အမာလုပ်ဆောင်ပေးနေမှုများ မတွေ့ရကြောင်း အမျိုးသမီးရေး လှုပ်ရှားတက်ကြွသူများက ပြောပါသည်။

ထားဝယ်အမျိုးသမီးများသမဂ္ဂမှ မယ်မာလာကျော်သိန်းက “အစိုးရအနေနဲ့ ဒေသဆိုုင်ရာ အမျိုးသ မီးတွေရဲ့ လုံခြံုရေးအခြေအနေနဲ့ပတ်သက်ပြီး အခုချိန်အထိ မျှမျှတတ ပြောဆိုလုပ်ဆောင်ပေး တာတွေ ဘာတခုမှ မရှိသေးပါဘူး။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မခံရအောင်၊ ကလေးသူငယ်နဲ့ မိန်းကလေးတွေ မုုဒိမ်းကျင့်မခံရအောင် အဝတ်အစားကို လုံလုံခြံုခြံုဝတ်ဆင်ပေးကြပါဆိုတဲ့ သတိ ပေးစကားတခွန်းကလွဲရင် ဘာလှုပ်ရှားမှု (Action) မှ မတွေ့ရပါဘူး” ဟု ဆိုသည်။

သို့သော်လည်း အခြေအနေတွေက အရင်ကထက် ပိုဆိုးလာသည်ဟု ပြောဆိုဖို့ခက်ပါသည်ဟု မယ်မာလာကျော်သိန်းက ပြောသည်။

“သက်ငယ်မုုဒိမ်းတွေက များလာတာလားဆိုုတော့ ပြောရခက်တယ်၊ အရင်ကတော့ တိုုင်တန်းရ မှန်းမသိလိုု့၊ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိလို့၊ မုုဒိမ်းမှုတွေက ရဲစခန်းတွေ၊ တရား ရုံုးတွေကို ရောက်မလာတာလည်း ဖြစ်နိုင်တယ်။ အခု နှစ်ဆန်းပိုင်းမှာ ကျမတိုု့အဖွဲ့ အကူအညီ ပေးနေတဲ့ သက်ငယ်မုုဒိမ်းမှု (၈) မှု ဖြစ်ရှိနေပြီ။ ၂၀၁၅ – ၂၀၁၆ ခုုနှစ်အတွင်းမှာ သက်ငယ်မုုဒိမ်းမှု (၁၈) မှုအထိ ကျမတိုု့လက်လှမ်းမှီကောက်ယူပြီး အကူအညီပေးနိုင်ခဲ့တယ်၊ ဆိုတော့ ရာခိုင်နှုန်း အရ ပြန်တွက်ရင် များလာတာလို့လည်း ပြောနိုင်မယ်ထင်တယ်..” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး(၅)ဦးတွင် (၁)ဦးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအရ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားနေရကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ (၂၃)ရက်နေ့တွင် ပထမဆုံးအကြိမ် ထုတ်ပြန်သည့် ၂၀၁၅-၁၆ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်း မာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (MDHS) တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနှင့် ပင်လုံတွင် တိုင်းရင်း သား လူငယ်များနှင့် တွေ့ဆုံခြင်း၊ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များနှင့် တွေ့ဆုံခြင်းများ   ပြုလုပ်ခဲ့သော်လည်း အောက်ခြေတွင် အမျိုးသမီးအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း မရှိသေးကြောင်း သိရသည်။

အစိုးရသစ်အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် အခြားသော ဒီမိုကရေစီရေး လုပ်ဆောင်နေသည့် လူမှုအဖွဲ့အစည်းများနှင့် ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်သင့်ကြောင်း၊ လက်ရှိ အချိန်ထိ အမျိုးသမီးအဖွဲ့ ခေါင်းစဉ်ဖြင့်တွေ့ဆုံခြင်း မရှိသေးကြောင်း အမျိုးသမီးအရေး လုပ်ဆောင်နေသည့် အဖွဲ့များက ဆိုသည်။

လက်ရှိလွှတ်တော်အတွင်း ယခင်အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများ ပါဝင်နေသကဲ့သို့ ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးများတွင် အမျိုးသမီးဝန်ကြီးချုပ်များ ခန့်အပ်ထားသော် လည်း အမျိုးသမီးရေ ကိစ္စရပ်များမှာမူ ရှေ့တန်းသို့ ရောက်လာခြင်း မရှိသေးပေ။

“ နိုင်ငံတော်နဲ့ချီလာပြီဆိုတော့ ပါတီရဲ့ လမ်းညွန်မှုအတိုင်းပဲ လုပ်ဆောင်ရတယ်လို့ ကျမမြင်ပါ တယ်။ ဒါပေမယ့် အမျိုးသမီးအရေး နောက်ခံရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ အခြားသော သူတွေထက်ပိုပြီး အမျိုးသမီးအသံတွေ ထွက်လာအောင် အမျိုးသမီးတွေကို အကာအကွယ်ပေး နိုင်တဲ့ ဥပဒေပေါ်ထွက်လာအောင် ရှေ့ကနေကြိုးစားဆောင်ရွက်လာရင် ကျမတို့အတွက် အတိုင်း ထက်အလွန်ပါပဲ” ဟု မြန်မာ့အမျိုးသမီးသမဂ္ဂမှ မတင်တင်ညို ကပြောသည်။

လွှတ်တော်ထဲတွင်  အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အမတ်များ ပါဝင်လာပြီး ပါတီ၏မူကို အခြေခံကာ လုပ်ဆောင်နေကြသော်လည်း ကိုယ်စားပြု ပြည်နယ်အလိုက် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်သည့် ပညာပေးမှုများ၊ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် ပညာပေးများကို တတ်နိုင်သရွေ့ ပြုလုပ်နေကြသည်ကို တွေ့မြင်ရကြောင်းလည်း သိရပါသည်။

ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အရေးကြီးသကဲ့သို့ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် ကာကွယ် ပေးနိုင်သည့် ယန္တရားများရှိလာရန်လည်း အရေးကြီးကြောင်း၊ အမျိုးသမီးများအနေဖြင့် လုပ်ငန်းခွင် များတွင် အဆင်ပြေစွာ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလန်း ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းခွင် လုံခြံုရေးများကိုလည်း အစိုးရသစ်အနေဖြင့် ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း  အမျိုးသမီးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်များက တောင်းဆိုနေကြသည်။

မူရင်းလင့်ခ် - goo.gl/HdkFRS

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly