မန်းရွှေစက်တော် သွားရေးလွယ်ကူစေရန် ကွန်ကရစ်တံတားဆောက်လုပ်မည်

မန်းရွှေစက်တော် သွားရေးလွယ်ကူစေရန် ကွန်ကရစ်တံတားဆောက်လုပ်မည်

မင်းဘူး၊ ဧပြီ ၂၃ ။             ။ မန်းရွှေစက်တော်ဘုရားအား မိုးရာသီအပါအဝင် ပွဲတော်ပြင်ပကာလတွင် ဘုရားဖူးနိုင်ရန်အတွက် (၃)မိုင်လမ်းရှိ ယာယီလှေတင်တံတားအား ဘုရားကြီးဘဏ္ဍာငွေဖြင့် အခိုင်အမာ ကွန်ကရစ်တံတား ဆောက်လုပ်သွား မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားသို့ သွားရာ(၃)မိုင်လမ်းရှိ မန်းချောင်းဖြတ်ကူးရာ လှေတင်နေရာတွင် ပွဲတော်ကာလရောက်တိုင်း နှစ်စဉ်ယာယီတံတား ဆောက်လုပ်ရပြီး ပွဲတော်အပြီး မိုးရာသီတွင် အဆိုပါနေရာမှ သွားလာမရနိင်တော့ကြောင်း၊ နွေ မိုး ဆောင်း ဖြတ်သန်းသွားလာနိင်ရန် အခိုင်အမာ တံတားတည်ဆောက်ရန် စီမံရခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဒီနေ့ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့(၅) (ဆိပ်ဖြူ)က ဘုရားသွားတဲ့ (၃)မိုင်လမ်းကလှေတင်တံတား ဆောက်လုပ်ဖို့ မြေနေရာကို နမူနာ စမ်းသပ်စစ်ဆေးဆောင်ရွက်လျက် ရှိပါတယ်။ တည်ဆောက်မယ့်နေရာ အတည်ပြုပြီးသွားရင် ဒီကွန်ကရစ်တံတားကို ဘုရားကြီး ဘဏ္ဍာငွေနဲ့ ဆောက်လုပ်ဖို့ စီမံထားပါတယ်၊ ဘုရားဘဏ္ဍာငွေ ဘယ်လောက်သုံးစွဲ ကုန်ကြနိင်မလဲဆိုတာ တိတိကျကျ တွက်ချက်ပြီးမှ ကုန်ကျငွေကို ပြောနိင်မှာပါ။ အခုလောလောဆယ်ကတော့ မြေနေရာ စမ်းသပ်ဆဲပါဟု ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက မဇ္ဈိမသို့ ပြောသည်။

မန်းရွှေစက်တော်ဘုရားသို့ ဘုရားဖူးများ နွေမိုးဆောင်း သွားလာနိင်ရန်အတွက် အဆိုပါ လှေတင်တံတား ဆောက်လုပ်နိင်မှသာသွားလာနိင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ရွှေစက်တော်ဘုရားကို (၁၂)လလုံး သွားလို့ရအောင် လှေတင်တံတားက အင်မတန်လိုအပ်ပါတယ်၊ ဒီတံတားဆောက်လိုက်ရင် ဘုရားဖူးတွေအတွက်လည်း အဆင်ပြေတယ်၊ မိုးတွင်းမှာ သွားလာရခက်ခဲနေတဲ့ ဘုရားဝန်းကျင်က ဒေသခံတွေအတွက်လည်း အင်မတန် အဆင်ပြေတာပေါ့ဗျာ ၊ လှေတင်တံတားဆောက်ပြီးရင် ဘုရားဖူးတွေ ရွှေစက်တော်ဘုရားကို အချိန်မရွေး လာရောက်ဖူးမျှော် ကုသိုလ်ယူနိင်ကြတာပေါ့”ဟု ရွှေစက်တော်ဘုရားအနီး ဘုရားရွာမှ ဦးသန်းထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required