တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သောစစ်သားများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် အား အာဖဂန်နစ္စတန်ကြေညာ

တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သောစစ်သားများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် အား အာဖဂန်နစ္စတန်ကြေညာ

ကာဘူးလ်၊ ဧပြီ ၂၃ ။               ။ အာဖဂန်နစ္စတန် စစ်အခြေစိုက်စခန်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော စစ်သား ၁၃၈ ဦးအတွက် နိုင်ငံတော်အဆင့်အနေဖြင့် ယနေ့တနင်္ဂနွေနေ့အား ၀မ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက်အဖြစ် အာဖဂန်အစိုးရမှ ကြေညာခဲ့သည်။

ပြီးခဲ့သော သောကြာနေ့က အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းအား တိုက်ခိုက်ခဲ့ရာ၌ တာလီဘန်ဆယ်ဦးခန့်သည် စစ်ယူနီဖောင်းများ ၀တ်ဆင်လျက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့ထဲမှ ၂ဦး သည် အသေခံဗုံးဖောက်ခွဲခဲ့ပြီး ကျန်လူများက ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြသည်။

“ဂုဏ်သိက္ခာရှိစွာနှင့် ရဲဝံ့စွာ ကျဆုံးခဲ့သော ANA 209 မှ မူစလင်စစ်သားများအား အာဇာနည်အဖြစ်သတ်မှတ် ကာ သောကြာနေ့ ၀တ်ပြုဆုတောင်းရာတွင် ရည်စူးဂုဏ်ပြုသွားမည်ဖြစ်သည်” ဟု အာဖဂန်သမ္မတ အက်ရှ်ရက်ဖ်ဂါနီ၏ ရုံးမှ တွစ်တာ၌ ရေးသားခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ဂါနီက စစ်သားတစ်ဦးချင်းစီသည် သူရဲကောင်းများဖြစ်ကြပြီး နိုင်ငံတော်အတွက် အသက်ပေးလျက် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြောခဲ့သည်။ ဒါ့အပြင် အဆိုပါဖြစ်ရပ်အတွင်း ဒဏ်ရာရရှိခဲ့ သော စစ်သား ၆၇ ဦးရှိသည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ Balkh ခရိုင်သို့ သူကိုယ်တိုင် ပြီးခဲ့သော စနေနေ့က သွားရောက် တွေ့ဆုံခဲ့ကြောင်းကိုလည်း ပြောခဲ့သည်။

ဂါနီက အာဖဂန်နစ္စတန်နိုင်ငံသည် အတိမ်းအစောင်းမခံသော အခြေအနေတစ်ရပ်နှင့် ကြံုတွေ့နေရကြောင်းနှင့် ဖြစ်ပျက်သမျှအားလုံးသည် ပြည်တွင်းမှကိစ္စများကြောင့်မဟုတ်ဘဲ နိုင်ငံတကာမှ အကြမ်းဖက်အုပ်စုများ၏ အာဖဂန်ကို မတည်မငြိမ်ဖြစ်စေလိုသော သွေးထိုးလှု့ံဆော်မှုများကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

ဒါ့အပြင်သူက တာလီဘန်တို့ကိုလည်း လူများကို သတ်ဖြတ်ခြင်းထက် အပြန်အလှန်ဆွေးနွေးမှုကိုသာ လက်ကိုင်ပြုဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly