အပစ်ရပ်လက်မှတ်ရေးထိုးမှ အဖွဲ့အားလုံးပါဝင်ရေး ဆက်လက်ညှိနှိုင်းရန် တိုင်းရင်းသားခေါင်းဆောင်များအစည်းအဝေး ဆုံးဖြတ်

အပစ်ရပ်လက်မှတ်ရေးထိုးမှ အဖွဲ့အားလုံးပါဝင်ရေး ဆက်လက်ညှိနှိုင်းရန် တိုင်းရင်းသားခေါင်းဆောင်များအစည်းအဝေး ဆုံးဖြတ်

ချင်းမိုင်၊ ဇူလိုင် ၃၀ ။        ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့လုံး ပါဝင် လက်မှတ်ရေးထိုးရန် နှင့် အားလုံး ပါဝင်နိုင်ရေးကို ဆက်လက် ညှိနှိုင်းဆေင်ရွက်သွားရန် သဘောတူဆုံးဖြတ်ခဲ့သည်ဟု ထိပ်သီးခေါင်းဆောင်များ၏ ထုတ်ပြန်လိုက် သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ လေးရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

“အကုန်လုံးပါဝင်ရေးမူဆိုတာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့ ရှိတယ်။ ကျနော်တို့က အန်စီစီတီမှာပဲ တာဝန်ခံပြီးတော့ပြောလို့ရမယ်။ ကျန်တဲ့ အဖွဲ့တွေက အန်စီစီတီ အဖွဲ့ဝင် မဟုတ်တဲ့ အတွက်ကြောင့် သူတို့ ပါဝင်ရေးကို NCA ကို လက်ခံတယ်ဆိုရင်တော့ ကျနော်တု့ိဘက်က အကုန်လုံး လက်ခံနိုင်တာပေါ့နော်။ ဒါပေမဲ့ အခု ကျနော်တို့ ပြောနေတာက အန်စီစီတီ အဖွဲ့ဝင် အကုန်လုံး မပါလို့ရှိရင် လက်မှတ်မရေးထိုးဘူးဆိုတဲ့ အဆုံးအဖြတ် မရှိသေးဘူး”ဟု SD အဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCCT အဖွဲ့ဝင်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ ပါဝင်ပြီး ဆက်စပ်အဖွဲ့အဖြစ် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ၁၇ ဖွဲ့အတွက် NCA လက်မှတ် ရေးထိုးရန်အတွက် ဆွေးနွေးသွားမည် ဖြစ်ပြီး တခြား အဖွဲ့အစည်းများအားလုံး ပါဝင်ရေးကိုလည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊KNU/KNLA ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ သွေးစည်းညီညွတ်ရေး ပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ၊ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ (ALP) နှင့် ABSDF တို့ဖြစ်သည်။
 
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ဖက်လုံးမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြွေးကြော်ခဲ့ရာမှ တစ်ချို့ တိုင်းရင်းသား အဖွဲ့အစည်းချန်ထားမည်ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ အာမခံချက် မရှိခြင်းနှင့် အကျိုးလည်း ရှိမည် မဟုတ်သဖြင့် လက်မခံခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အားလုံး မပါနိုင်ဘူးဆိုရင်တော့ တို့လည်း လက်မှတ်ထိုးနိုင်တဲ့ အနေအထားမျိုး မရှိဘူး။ သူတို့နဲ့က NCA ရဖို့အတွက် အစကတည်းကနေ ဆွေးနွေးလာတယ်။ အခု လက်မှတ်ရေးထိုးခါနီးကျမှ သူတို့ ပယ်ထားလိုက်တယ်ဆိုတာက တို့ရဲ့ အပေါင်းအသင်းတွေကို ဖယ်ထားခြင်းဖြင့် တို့ကလည်း သူ့တို့ကိုဖယ်ထားမယ်ဆိုရင် တို့ထဲမှာ အမြင်တွေ ကွဲကြမယ်။ တိုင်းရင်းသားတွေကို စုစည်းနေတဲ့ အင်အား စုတွေကို နည်းပေါင်းစုံနဲ့ ခွဲတယ်ဆိုတဲ့သဘော၊ သူတို့ကို ချန်ထားမယ်ဆိုရင် သူတို့ကို မတိုက်ဘူးလို့ အာမခံနိုင်သလား။ အဲဒါလည်း အာမခံနိုင်တဲ့ အနေအထားမရှိဘူး။ သူတို့ကို တိုက်မယ်ဆိုရင်တော့ ကျနော်တို့က ဘယ်လိုမှ ကြည့်နေလို့တော့ မရဘူး။”ဟု SD ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၁ ဖွဲ့မှ ၆ ဖွဲ့ဖြစ်သော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ၀ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ကို အစိုးရဘက်မှ လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် လက်မခံဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အပါအဝင် ၁၄ ဖွဲ့ကိုသာ လက်ခံခဲ့သည်။

ယင်းကိစ္စကို ပြီးခဲ့သည့် ရန်ကုန်ဆွေးနွေးပွဲတွင်လည်း အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့က အခြားနည်းလမ်းဖြင့် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အစိုးရဘက်မှ လက်မခံခဲ့ကြောင်း ထိပ်သီးအစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ဟူသော စကားလုံးကို လုံခြုံရေးဆိုင်ရာ ပြန်လည် ပြုပြင်ပြောင်းလဲခြင်း DDR –SSR ဟူ၍ ချမှတ်ခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

“DDR ဆိုတာ လက်နက်ဖျက်သိမ်းရေး၊ တပ်တွေကို ဖျက်သိမ်းရေး၊ နောက်အဲဒီ တပ်ဖွဲ့ဝင်တွေကို နေရာချထားရေး၊ သဘောက လူထု အတိုင်းအဝိုင်းကြားမှာ ဝင်နိုင်ဖို့။ SSR ဆိုတာက လုံခြုံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းပေါ့ဗျာ။ ဒါကတော့ နည်းပေါင်းစုံနဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့သဘောထား။ သဘောက သူတို့ဘက်က အစိုးရနဲ့ ကာချုပ်က မကြာမကြာ ပြောနေတယ်။ DDR ဆိုတာက သူတို့မြင်နေတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းမှာ နောက်ဆုံး အားလုံး ဆွေးနွေးပြီးတဲ့အခါ ဒို့ရဲ့ တပ်တွေကို အားလုံး ဖျက်သိမ်းမယ်။ တို့ရဲ့ လက်နက်တွေကိုလည်း အကုန် ဖျက်သိမ်းမယ်။ တို့ရဲ့ ရဲဘော်တွေကို လူထုတွေကြားမှာ အလုပ်အကိုင်တွေဘာတွေ နေရာချထားပေးမယ်။ အဲဒါကတော့ တဖက်သတ်ကျလွန်းတယ်။ တို့က လက်မခံနိုင်ဘူး”ဟု နိုင်ဟံသာက ပြောသည်။

ယင်းအပြင် အစိုးရဘက်မှ ကုလသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံများကိုသာ အသိသက်သေအဖြစ် ပါဝင်ရန် တင်ပြထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ထိုအဖွဲ့အစည်း များ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများ ပါဝင်ရန် အဆိုပြုမည် ဖြစ်ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) က ရန်ကုန်မြို့တွင် အစိုးရနှင့် ၈ ကြိမ်မြောက် NCA စာချုပ်မူကြမ်း ညှိနှိုင်းဆွေးနွေးပွဲ ရလဒ်များကို ထိပ်သီး ခေါင်းဆောင်များထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့မှ တင်ပြသောတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး(မူကြမ်း)ပါ အချက်များ ပြင်ဆင်ဖြည့်စွက်သည့်ကိစ္စ၊ စာချုပ် လက်မှတ်ရေးထိုးမည့်သူများကိစ္စ၊ အသိသက်သေများ ကိစ္စတို့နှင့် ပတ်သက်၍ အတည်ပြုခြင်း၊ လမ်းညွန်မှုပေးခြင်းနှင့် SD အဖွဲ့အား ဆက်လက် ညှိနှိုင်းရန် တာဝန်ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်နေရး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (UPWC) နှင့် SD တို့ လာမည့် သြဂုတ်လ ပထမပတ်တွင် ပြန်လည် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ပြီး အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးရေး ပျက်ခြင်း၊ မပျက်ခြင်းသည် အစိုးရ၏ သဘောထားအပေါ်မှာ မူတည်ပြီး SD အနေဖြင့် ဆက်ဆက် ညှိနှိုင်းသွားမည်ဟု နိုင်ဟံသာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required