အမေရိကန်တို့ရဲ့ ရန်လိုမှုကို တုန့်ပြန်ဖို့ အသင့်ရှိနေဟု မြောက်ကိုရီးယား ပြော

အမေရိကန်တို့ရဲ့ ရန်လိုမှုကို တုန့်ပြန်ဖို့ အသင့်ရှိနေဟု မြောက်ကိုရီးယား ပြော

ဧပြီ ၂၂ ။            ။ ဧပြီလ အစပိုင်းကတည်းက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေခဲ့ပြီးနောက်မှာတော့ ယခုအချိန်မှာ အမေရိကန်တို့ရဲ့ ရန်လိုမှုကို တုန့်ပြန်ဖို့ မိမိတို့ဘက်က အသင့်ရှိနေတယ်ဆိုပြီး မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားလိုက်တယ်လို့ သိရပါတယ်။

ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်ဆီမှာ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ခိုက်ရေးအုပ်စု တပ်ဖြန့်ချထားမှုကြောင့် တင်းမာမှုတွေ မြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။

" အမေရိကန်တို့ နျူကလီးယားစစ်ဖြစ်လိုတဲ့ ရန်လိုမှုတွေကြောင့် ခုချိန်မှာ ကိုရီးယားကျွန်းဆွယ် ဒေသတွင်း အခြေအနေက တော်တော်လေးကို အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ" ဆိုပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။

" ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ခုဆိုရင် မိမိတို့ မြောက်ကိုရီးယားအပေါ် နိုင်ထက်စီးနင်းလုပ်လိုတဲ့ အရိပ်အယောင်တွေ တိုးမြင့်လုပ်ဆောင်နေပါတယ်" လို့လည်း ယင်းထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရကတော့ ကိုရီးယားကျွန်းဆွယ် ရေပြင်မှာ ယင်းရဲ့ တိုက်ခိုက်ရေးအုပ်စုကို ဖြန့်ကျက်ချထားမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်ထားတဲ့အပေါ် ယခုလို ပြံုယမ်းအာဏာပိုင်တွေဘက်က တုန့်ပြန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မိမိတို့ဘက်က ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ကြောက်ရွံ့နေလိမ့်မည်မဟုတ်ကြောင်းနှင့် စစ်တပ်ကလည်း အမေရိကန်တို့ဘက် လုပ်ဆောင်လာနိုင်သည့်အခြေအနေတွေကို မျက်ခြေမပြတ်   စောင့်ကြည့်နေကြောင်း ပြံုယမ်းအာဏာပိုင်တွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယင်းကြေညာချက်ထဲမှာတော့ ယင်းတို့နိုင်ငံဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သော်ငြားလည်း နျူကလီးယားလက်နက်ပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်တာကြောင့် ဘယ်လို ရန်လိုမှုမျိုးကိုမဆို တုန့်ပြန်ဖို့ ၀န်မလေးဘူးလို့လည်း ပါရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required