အာဖဂန်မှာ စစ်ယူနီဖောင်းဝတ် တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀၀ ကျော် သေဆုံး

အာဖဂန်မှာ စစ်ယူနီဖောင်းဝတ် တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀၀ ကျော် သေဆုံး

ဧပြီ ၂၂ ။               ။ အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းက စစ်အခြေစိုက်စခန်းတစ်ခုမှာ ဧပြီလ ၂၁ ရက်က စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ တာလီဘန်တို့ရဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။ အများအပြားလည်း ဒဏ်ရာရရှိသွားကြတယ်လို့လည်း ဆိုပါတယ်။

ယခု တိုက်ခိုက်မှုဟာ နိုင်ငံရဲ့ စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ထားခဲ့တဲ့ နောက်ဆုံး ဖြစ်စဉ်လည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း Balkh ဒေသက Mazar-e Sharif မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ ယင်းဖြစ်စဉ်မှာ နာရီပေါင်းများစွာကြာထိ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

တာလီဘန်တပ်သားတွေဟာ အစိုးရစစ်တပ် ယူနီဖောင်းတွေကို ၀တ်ဆင်လာပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းလာပြီးမှ ယခုလို ရုတ်တရက် အငိုက်ဖမ်းတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

တာလီဘန် တိုက်ခိုက်ရေးသမားတွေဟာ ယင်းအချိန်တုန်းက စစ်အခြေစိုက်စခန်းက သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ တက်လာတဲ့စစ်သားတွေနဲ့ ကင်န်တင်းရောက် တပ်သားတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ သေဆုံးသူဦးရေဟာ ၁၃၄ ဦးထိ ရှိခဲ့တယ်လို့ သိရပေမယ့် ယခု ဧပြီ ၂၂ ရက် အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်သာ ရှိတယ်လို့ သိရပါတယ်။

ယခုဖြစ်စဉ်မှာ တာလီဘန်စစ်သွေးကြ ဆယ်ဦးထက်မနည်းကို ပစ်သတ်ခဲ့ရပြီး တစ်ဦးကို အရှင်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required