သင်္ကြန်​တွင်​း ကားလက်​မှတ်​ခပို​ကောက်​သည်​့ ယာဉ်​လိုင်​းများကိစ္စ တိုင်​းအစိုးရထံ ဆက်​လက်​တင်​ပြမည်​

သင်္ကြန်​တွင်​း ကားလက်​မှတ်​ခပို​ကောက်​သည်​့ ယာဉ်​လိုင်​းများကိစ္စ တိုင်​းအစိုးရထံ ဆက်​လက်​တင်​ပြမည်​
(ဓာတ်ပုံ - စည်သူမောင်မောင်/မဇ္ဈိမ)

သင်္ကြန်ကာလ ယာဉ်စီးခနှုန်းပိုမိုရောင်းချသည့် ယာဉ်လိုင်းများ ယာဉ်များနှင့်ပတ်သက်သည့် ဖြစ်စဉ်အား တိုင်းဒေသကြီးအစိုးရထံ ဆက်လက်တင်ပြသွားမည်ဟု မ.စ.က တာဝန်ရှိသူကပြောသည်။

"သတ်မှတ်နှုန်းထားထက်​ ပိုရောင်းချတဲ့ ယာဉ်လိုင်းတွေကို တိုင်ကြားလိုစိစစ်တော့ သုံးလိုင်းမိတယ်။ အဲဒီယာဉ်လိုင်းရော၊ ယာဉ်ရော ဒဏ်ကြေးပေးဆောင်ရမယ်။ မ.စ.က အနေနဲ့ ပိုရောင်းချထားတဲ့ငွေကို ချက်ခြင်းပြန်ပေးခဲ့တယ်"ဟု ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌဦးမြင့်လွင်က မဇ္ဈိမသို့ ပြောသည်။

ပုသိမ်-ရန်ကုန် ယာဉ်လိုင်းအချို့သည်​ ငါးထောင်ကျပ်၊ အချို့ယာဉ်လိုင်းများသည်​ ခြောက်ထောင်ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း တိုင်ကြားမှုများရှိခဲ့ပြီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲကော်မတီက ဧပြီလ ၁၈၊ ၁၉ရက်နေ့များတွင် ပုသိမ်-ရန်ကုန်၊ ပုသိမ်-နေပြည်တော်၊ ပုသိမ်-မန္တလေး ယာဉ်လိုင်းများအား စိစစ်ခဲ့သည်။

ပုသိမ်-ရန်ကုန်ကားလတ်မှတ် စျေးပိုရောင်းချသည့် စိုးအေး၊ နဝရတ်နှင့် မြင့်မြန်မာ ယာဉ်လိုင်းတို့တွင် စိစစ်တွေ့ရှိခဲ့သည်​ဟု သိရသည်​။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခကို ပုံမှန်စျေးအတ်ိုင်းရောင်းချရန် တိုင်းဒေသကြီးအစိုးရက ညွန်ကြားထားသည်။

ဧပြီလ ၁၈ ရက်တွင် ယာဉ် ၅၁စီး ပုသိမ်-မြောင်းမြ၊ ပုသိမ်-လပွတ္တာ၊ ပုသိမ်-ပြည်၊ ပုသိမ်-မန္တလေး၊ ပုသိမ်-နေပြည်တော်၊ ပုသိမ်-ရန်ကုန် လိုင်းများအား စစ်ဆေးရာ ပုသိမ်-ရန်ကုန်ယာဉ်လိုင်းမှ စျေးနှုန်းပိုမိုရောင်းချထားကြောင်းတွေ့ရှိရကြောင်း မ.စ.က တာဝန်ရှိသူက ပြောသည်။

"ပြည်သူတွေပိတ်ရက်မှာ သတ်မှတ်နှုန်းထက်ပိုရောင်းတယ်။ ယာဉ်လိုင်းတွေကို သက်ဆိုင်ရာက ထိရောက်တဲ့အရေးယူမှုလုပ်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင်တော့ နှစ်တိုင်းကြံုရမယ်။ ပြဿနာလိုဖြစ်နေတယ်။ စျေးပိုရောင်းတာ ပြည်သူတွေတိုင်မှ စစ်တာမျိုးမဖြစ်သင့်ဘူး။ သက်ဆိုင်ရာက စစ်ဆေးရမှာ" ဟု ၈၈မျိုးဆက်​ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးက ကားလက်မှတ်ပိုရောင်းချမှုတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့စိစစ်မှုလုပ်ရန်​ တိုက်​တွန်​းလိုက်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required