မန္တလေးတိုင်း ၀န်ကြီးချုပ်၊ လုံ/နယ် အပါအဝင် ၀န်ကြီး ၉ ဦး ထပ်ပြိုင်မည်

မန္တလေးတိုင်း ၀န်ကြီးချုပ်၊ လုံ/နယ် အပါအဝင် ၀န်ကြီး ၉ ဦး ထပ်ပြိုင်မည်

မန္တလေး၊ ဇူလိုင် ၃၀ ။      ။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ဦးရဲမြင့်နှင့် ဝန်ကြီး(၈)တို့က ယခုနှစ် နိုဝင်ဘာ (၈) ရက်နေ့ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုး ပါတီ၏ရုံးခန်းမတွင် ဇူလိုင် (၂၉) ရက်နေ့က ကျင်းပခဲ့သည့် ၂၀၁၅ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေအသီးသီးမှ ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် အသိအမှတ်ပြုလွှာ လက်ခံရယူကြသည်။    

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် အခြားကိုယ်စားလှယ်လောင်းများလည်း ၎င်းတို့၏ အသိအမှတ်ပြုလွှာ ကို လက်ခံယူခဲ့သည်။

"ရွေးကောက်ပွဲမှာ ဒီပုဂ္ဂိုလ်တွေ ဝင်ပြိုင်မည်ဆိုတာ ပြည်သူကို ကြေညာလိုက်တာပါ။ သို့သော် အပြောင်းအလဲ တော့ ရှိနိုင်ပါတယ်။ ပါတီကကြိုက်၊ ပြည်သူကလည်းကြိုက်တဲ့ပုဂ္ဂိုလ်များကို အဆင့်အဆင့် အတည်ပြုပြီးမှ ယနေ့ပြည်သူကို အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ အသိပညာရှင်အတတ်ပညာတွေအပြင် အမျိုးသမီးလည်း ပါတယ်။" ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်မှုဆောင်လည်းဖြစ်ပြီး လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးဇော်မြင့်ဖေက ပြောသည်။        

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်သည် (တိုင်းဒေသကြီး -၂ ပြင်လွင်မဲဆန္ဒနယ်)၊ ဦးမြင့်သန်း လယ်ဆည်ဝန်ကြီး (ပြည်သူ့လွှတ်တော်တံတားဦးမဲဆန္ဒနယ်)၊ ဒေါက်တာဝင်းလှိုင် လူမှုရေးဝန်ကြီး (တိုင်းဒေသ ကြီး- ၁ အောင်မြေသာစံ မဲဆန္ဒနယ်)၊ ဦးအောင်ဇံ စီမံကိန်းဝန်ကြီး (ပြည်သူ့လွှတ်တော်မြင်းခြံမဲဆန္ဒနယ်)၊ ဦးကျော် ဆန်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး (တိုင်းဒေသကြီး - ၁ မြင်းခြံမဲဆန္ဒနယ်)၊ ဦးအောင်မောင်း စည်ပင်သာယာ ရေးဝန်ကြီး-မြို့တော်ဝန် (တိုင်းဒေသကြီး - ၁ မဟာအောင်မြေမဲဆန္ဒနယ်)၊ ဦးသန်းစိုးမြင့် သတ္တုနှင့် သစ်တော ဝန်ကြီး (တိုင်းဒေသကြီး - ၂ ကျောက်ဆည်မဲဆန္ဒနယ်)၊ ဦးကျော်မြင့် စက်မှုလက်မှုဝန်ကြီး (တိုင်းဒေသကြီး - ၂  ရမည်းသင်း မဲဆန္ဒနယ်)၊ များတွင် ဝင်ရောက်၍ အရွေးခံမည်ဖြစ်ကြောင်း ပါတီ၏ ကိုယ်စားလှယ်လောင်း စာရင်း ဖော်ပြထားသည်။    

တပ်မတော်မှ တိုက်ရိုက်ရွေးချယ်ခန့်ထားသည့် လက်ရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် (တိုင်းဒေသကြီး - ၁ မိတ္တီလာမဲဆန္ဒနယ်) မှ ယှဉ်ပြိုင်မည်ဟု သိရသည်။

"သေချာပေါက်ဝင်ပြိုင်မှာပါ။အငြိမ်းစားယူပြီးမှ ရွေးကောက်ပွဲကို ဝင်မှာပါ။" ဟု ပြည်ခိုင်ဖြိုးပါတီ ငါးဇွန်း မဲဆန္ဒနယ်မှ ဦးကျော်တင်ကပြောသည်။

ဦးကျော်တင်သည်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ပြိုင်မည်ဖြစ်သည်။

ယခုအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီက မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် အားလုံး ယှဉ်ပြိင်မည်ဟု ပြောဆိုထားပြီး ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်အပါအဝင် စုစုပေါင်း ၉၅ နေရာ ဖြစ် ကြောင်းနှင့် ပါတီကိုယ်စားလှယ်လောင်း ၆၄ ဦးသည် လူဟောင်းများဖြစ်ပြီး၊ ကျန်၃၁ ဦးသည် လူသစ်များ ဖြစ်ကြောင်း ဦးဇော်မြင့်ဖေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required