ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည်​့ ကိုယ်စားလှယ် တစ်ဦးမှ မရှိသေး

ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသည်​့ ကိုယ်စားလှယ် တစ်ဦးမှ မရှိသေး

ရန်ကုန်၊ ဧပြီ ၁၉။       ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် သတ်မှတ်ထားသည့်ရက် တစ်ဝက်ကျော်ကြာသည်အထိ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းသူကိုယ်စားလှယ် တစ်ဦးမှ မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက မဇ္စျိမသို့ ပြောသည်။

“မရှိသေးဘူး။ ရုံးတွေလည်း ပိတ်ထားတယ်။ ၂၄ ရက်နေ့မှ ဖွင့်မှာ။ ၂ ရက်နေ့မှာ ကြေငြာတာဆိုတော့ ၁ ရက်နေ့ထိဖြစ်သွားမှာပေါ့။ အကုန်လုံးသွင်းရမှာ ပြိုင်တဲ့သူအားလုံးသွင်းရမှာ၊ ၉၄ ယောက်စလုံးသွင်းရမှာ နိုင်တဲ့သူရော ရှုံးတဲ့သူရော အကုန်သွင်းရမှာ"ဟု ၎င်းက ဆိုသည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်တင်မြောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်အမည်ကို ကြေငြာသည့်နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧပြိီ ၃ ရက်စွဲဖြင့် ​ကြေညာထားခြင်းဖြစ်သည်။

အနိုင်ရလွတ်တော်ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက်နေ့တွင် ​ကြေငြာခဲ့ပြီး ဧပြီ ၁၉ရက်​တွင် ၁၈ ရက်ပြည့်ပြီဖြစ်သည်။

ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကုန်ကျစရိတ်စရင်း မတင်သွင်းပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခံရမည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်တွင် ​ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် ပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလမှ ဝင်ရောက်ပြိုင်သူ စုစုပေါင်း ကိုယ်​စားလှယ်​ ၉၅ ဦးရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၆ ဒီဇင်ဘာလတွင် ထုတ်​ပြန်​သည်​့ ကြေညာချက်အရ သိရသည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် အမည်စာရင်းတင်သွင်းခဲ့သည့် ရွေး​ကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ်စရင်းပုံစံ ၂၀ ဖြင့် မေလ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly