အုပ်စုဒုတိယပွဲစဉ်အဖြစ် ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့ ဆက်လက် ကစားမည်

အုပ်စုဒုတိယပွဲစဉ်အဖြစ် ဖိလစ်ပိုင်နှင့် မြန်မာအသင်းတို့ ဆက်လက် ကစားမည်
ဖိလစ်ပိုင်နှင့်ပွဲစဉ်အတွက် လေ့ကျင့်နေသော မြန်မာ ယူ-၁၆ အသင်း။(ဓာတ်ပုံ - MFF )

ဇူလိုင် ၃၀၊ ရန်ကုန် ။       ။ ၂၀၁၅ အာဆီယံ  ယူ-၁၆  ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဘောလုံး အသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် ပွဲဦးထွက်တွင် စင်ကာပူအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရထားပြီး ဖိလစ်ပိုင်အသင်းမှာ ပွဲဦးထွက်တွင် ကမ္ဘောဒီးယားအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ မြန်မာ ယူ-၁၆ အသင်းသည် အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက် ရန် ဖိလစ်ပိုင်အသင်းကို အနိုင်ကစားရန် လိုအပ်နေပြီး လက်ကျန်အုပ်စုနှစ်ပွဲတွင် သြစတြေးလျအသင်း၊ အိမ်ရှင် ကမ္ဘောဒီး ယားအသင်းတို့နှင့် ကစားရန်ရှိနေသည်။

အလားတူ ပွဲဦးထွက်တွင် ရှုံးပွဲနှင့် ကြုံတွေ့ထားသော ဖိလစ်ပိုင်အသင်းမှာလည်း မြန်မာအသင်းနှင့်ပွဲတွင် အမှတ်စတင်ရယူရန် ကြိုးစားလာဖွယ်ရှိနေသည်။ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ပွဲစဉ်ကို သြဂုတ် ၁ ရက် မြန်မာစံတော်ချိန် (ညနေ ၃း၀၀)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အိုလံပစ်ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု(ခ) တွင် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေသည်။ လာအို၊ မလေးရှား၊ ဘရူးနိုင်း၊ တီမော၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့ပါဝင်နေသော အုပ်စု(က)တွင် အုပ်စုနှစ်ပွဲစီ ကစားပြီးချိန်၌ လာအို အသင်းက နှစ်ပွဲစလုံး အနိုင်ရရှိ ထားပြီး အုပ်စုအမှတ်ပေးဇယားကို ဦးဆောင်နေသည်။

လာအိုအသင်းသည် အုပ်စုအဖွင့်ပွဲ တွင် ထိုင်းအသင်းကို ၁-၀ ဂိုး၊ ဒုတိယပွဲစဉ်တွင် တီမောအသင်းကို ၃-၂ ဂိုးတို့ဖြင့် အနိုင်ရရှိထားသည်။ အုပ်စု ဒုတိယ၊ တတိယ၊ စတုထ္ထနေရာများတွင် ဗီယက်နမ် အသင်း၊ ထိုင်းအသင်းနှင့် မလေးရှားအသင်းတို့က ရမှတ် သုံးမှတ်စီဖြင့် အကြိတ်အနယ်ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required