ချင်း၊ ရခိုင်နှင့် မကွေးတိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ရှိနေ

ချင်း၊ ရခိုင်နှင့် မကွေးတိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ရှိနေ

နေပြည်တော် (မဇ္ဈိမ) ။ ။ ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen)သည် အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့၏ အရှေ့တောင်ဘက် မိုင်(၁၅၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင်(၁၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည်နေသော်လည်း၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၂.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၉၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးရှောင်ရှားကြရန် အကြံပြုအပ်ပါသည်။

(၃၀.၇.၂၀၁၅)ခုနှစ်၊ မွန်းလွဲ (၃း၀၀)နာရီ

Ref : မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly