အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့မြန်မာ ကစားသမား ငါးဦး သွားရောက် ယှဉ်ပြိုင်မည်

အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့မြန်မာ ကစားသမား ငါးဦး သွားရောက် ယှဉ်ပြိုင်မည်

ဇူလိုင် ၃၀၊ ရန်ကုန် ။        ။ ၄၉ ကြိမ်မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကစားသမား ၅ ဦး သွားရောက်ယှဉ်ပြိုင်မည်ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် စခန်းအုပ်ချုပ်မှု တာဝန်ခံ ဦးကျော်စိန်သန်းက ပြောသည်။

အဆိုပါ ပြိုင်ပွဲကို လာမည့် စက်တင်ဘာလတွင် ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အမျိုးသားကာယဗလ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ၂၀ ကျော်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၀ နိုင်ငံခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည့် ကစားသမား ငါးဦးမှာ အမျိုးသား ၆၀ ကီလိုတွင် ထွန်းမင်း၊ ၆၅ ကီလိုတွင် စိုင်းချစ်ဝင်း၊ ၇၀ ကီလိုတွင် ညီဖြူ နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုတွင် ချယ်ရီမောင်နှင့် နန်းလောင်ခမ်း တို့ ဖြစ်ကြသည်။

“ ဒီအာရှပြိုင်ပွဲကို နှစ်စဉ်တော့ သွားပြိုင်ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ အတွေ့အကြုံရှိတဲ့ ထွန်းမင်း ပါပေမယ့် ကျန်တဲ့နှစ်ယောက် စိုင်းချစ်ဝင်းနှင့် ညီဖြူ တို့ကတော့ လူသစ်တွေပါ။ အတွေ့ အကြုံကောင်းတွေ ရအောင်လို့ သူတို့ကို သွားပြိုင်စေတာပါ။ ပြီးခဲ့တဲ့ ၂၅ ရက်တုန်းက လူရွေးပွဲလုပ်ပြီး ဒီ ငါးယောက်ကို ရွေးထားတာပါ။ ဒီထဲက အလားအလာရှိတဲ့ ကစားသမားတွေကို လာမယ့် ထိုင်းမှာ လုပ်မယ့် ကမ္ဘာ့ပြိုင်ပွဲကို စေလွှတ်ဖို့ စီစဉ်ထားပါတယ်။ ဒီအာရှပြိုင်ပွဲပြီးရင် နိုဝင်ဘာမှာ ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ရှိသလို ဒီဇင်ဘာထဲမှာလည်း အာဆီယံပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ ရှိပါတယ် ” ဟု ဦးကျော်စိန်သန်းက ပြောသည်။

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် အနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် ၌ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကို ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပခဲ့ပြီး အမျိုးသားကာယဗလပြိုင်ပွဲတွင် ၄၄ ဦးနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၁၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly