မွန်ဘိုင်းဗုံးခွဲမှုများကို အကွက်ချစီစဉ်ခဲ့သူ ယာကွတ် မီမွန်ကို အိန္ဒိယ ကွပ်မျက်သုတ်သင်

မွန်ဘိုင်းဗုံးခွဲမှုများကို အကွက်ချစီစဉ်ခဲ့သူ ယာကွတ် မီမွန်ကို အိန္ဒိယ ကွပ်မျက်သုတ်သင်

နယူးဒေလီ၊ ဇူလိုင်-၃၀ ။       ။ လူအများအပြား သေဆုံးခဲ့ရသည့် ၁၉၉၃ခုနှစ် မွန်ဘိုင်းဗုံးခွဲမှုများကို ရံပုံငွေမတည်ထောက်ပံ့မှုဖြင့် ပြစ်မှုထင်ရှားသူ ယာကွတ် မီမွန်ကို သုတ်သင်ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း မဟာရပ်ရှ်ထရပြည်နယ်အစိုးရက အတည်ပြုပြောကြားခဲ့သည်။ မီမွန်ကို အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရပ်ရှ်ထရပြည်နယ် နက်ပါးအကျဉ်းထောင်တွင် ကြိုးပေးကွပ်မျက်ခဲ့သည်ဟု ဆိုသည်။

၁၉၉၃ခုနှစ်က မွန်ဘိုင်းတွင် ဆက်တိုက်ဗုံးခွဲမှုများအတွင်း လူပေါင်း ၂၅၇ယောက် သေဆုံးခဲ့ရပြီး၊ ဗုံးမခွဲမီ လအနည်းငယ်အကြာက အဓိကရုဏ်းများအတွင်း မွတ်စလင်များကို သတ်ဖြတ်သည့်အတွက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် သေဒဏ်ဖြင့် ကွပ်မျက်သည်မှာ ရှားပါးလွန်းလှပြီး၊ ၂၀၀၄ခုနှစ်နောက်ပိုင်းတွင် ၄ယောက်သာ သုတ်သင်ကွပ်မျက်ခဲ့သည်။ ၁၉၉၃ခုနှစ် မတ်လ ဗုံးခွဲမှုများက ဘုံဘေ စတော့အိပ်ချိန်း၊ Air India ရုံးခန်းများနှင့် ဇိမ်ခံဟိုတယ်တစ်ခုအပါအဝင် နေရာပေါင်း တစ်ဒါဇင်ခန့်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်သည်။

သေဒဏ်ကို လျှော့ပေါ့ပေးရန် နောက်ဆုံးအသနားခံချက်ကို အထက်ရုံးတော်က ပယ်ချပြီး နာရီပိုင်းအကြာတွင် မီမွန်ကို ကြိုးပေးခဲ့ခြင်းဖြစ်သည်။ မီမွန်၏ ရှေ့နေများကမူ အသနားခံလွှာကို ပယ်ချပြီး အနည်းဆုံး ၇ရက်ကြာပြီးမှသာ ကွပ်မျက်မှုကို ပြုလုပ်နိုင်ကြောင်း ရုံးတော်သို့ စောဒကတက်ခဲ့ကြသည်ဟုဆိုသည်။

သို့ရာတွင် မီမွန်၏ ပထမဆုံးအသနားခံလွှာကို ယမန်နှစ်ကတည်းက ပယ်ချပြီးဖြစ်သောကြောင့် သုတ်သင်ကွပ်မျက်မှုမှာ စည်းမျဉ်းစည်းကမ်းနှင့်ညီကြောင်း ရုံးတော်က ဆုံးဖြတ်ခဲ့သည်ဟု မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required