မြန်မာနှစ်သစ်မှာ ငြိမ်းချမ်းရေးအမြန်ရပါစေလို့ ပြည်ထောင်စုဝန်ကြီးများ ဆုတောင်းကြ

မြန်မာနှစ်သစ်မှာ ငြိမ်းချမ်းရေးအမြန်ရပါစေလို့ ပြည်ထောင်စုဝန်ကြီးများ ဆုတောင်းကြ

နေပြည်တော်(ဧပြီ ၁၄ရက်၊ ၂၀၁၅ခုနှစ်)။      ။ မြန်မာနှစ်သစ် ကူးပြောင်းတော့မည်ဖြစ်ရာ ပြည်ထောင်စုဝန်ကြီးတချို့အား မေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

သူရဦးအောင်ကို၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီး

နှစ်သစ်မှာ ဆန္ဒကတော့ ဘာသာရေးကို အခြေခံတဲ့ လူမျိုးရေးပဋိပက္ခတွေ ကင်းဝေးပြီးတော့ နိုင်ငံတော်ကြီး အေးချမ်းသာယာပါစေ၊ နောက်ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဦးဆောင်ပြီးမှ ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရပါစေ၊ အစိုးရအဖွဲ့သစ်အတွက် ဒုတိယနှစ်ဖြစ်လို့မို့လို့ ဒီနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါစေ၊ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ရရှိပြီးတော့မှ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို စံစားနိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်စကား ပြောကြားလိုပါတယ်။

ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ

ခေတ်ဟောင်းစနစ်ဟောင်းကနေ၊ ခေတ်သစ်စနစ်သစ်ကို ပြောင်းလဲတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ပြည်သူပြည်သားအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပြီးတော့ စနစ်ပြောင်း၊ ခေတ်ပြောင်းကို အားလုံးနဲ့အတူ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံသူ၊ နိုင်ငံသားအား လိုချင်တဲ့ပန်းတိုင် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြပါစေ၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးလည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိကြပါစေ။ အဲ့ဒီလို ရရှိအောင်လည်း မိမိတို့ ကျရာကဏ္ဍကနေ တစ်တပ်တစ်အား၊ တတ်စွမ်းသမျှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ကြပါစေ။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပြီးတော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။။

ဦးသန့်စင်မောင်၊ ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး

၁၃၇၈ကနေ ၁၃၇၉ နှစ်သစ်ပြောင်းတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီ လာမယ့်နှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည် တစ်ပြည်လုံး၊ တိုင်းရင်းသားပြည်သူအားလုံး၊ တိုင်းသူပြည်သားအပေါင်း ငြိမ်းချမ်းရေးကို ရပြီးတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

ဒေါက်တာဝင်းမြတ်အေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး

ပြည်သူ၊ ပြည်သားအားလုံးကတော့ တစ်ကယ်တမ်းလိုချင်တာ ငြိမ်းချမ်းရေးဘဲ။ အဲ့တော့ တစ်နိုင်ငံလုံးက လာမယ့်နှစ်မှာ ငြိမ်းချမ်းမှု ဖြစ်ပါစေ၊ ငြိမ်းချမ်းရေးစကားတွေ ပိုပြီးတော့ လွှမ်းခြံုနိုင်ပါစေ။ ငြိမ်းချမ်းရေးအလုပ်တွေကို ပိုပြီးတော့ လုပ်နိုင်ပါစေ။ ငြိမ်းချမ်းရေးလုပ်ရင်းနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာကို အားလုံးခံစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required