မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်ပွဲရက် တစ်ရက်နောက်ဆုတ် သတ်မှတ်လိုက်ပြီ

မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်ပွဲရက် တစ်ရက်နောက်ဆုတ် သတ်မှတ်လိုက်ပြီ
(ဓာတ်ပုံ - တင်ရွှေ(မင်းဘူး))

မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်ပွဲရက်အား နှစ်စဉ် ကျင်းပနေသည့် နှစ်ဆန်း (၁)ရက်နေ့အစား နှစ်ဆန်း (၂) ရက်နေ့သို့ ယခု ၂၀၁၇ခုနှစ်ကစပြီး ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ရွှေစက်တော်ဘုရားပွဲတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရား သြဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များပါဝင်သည့် နာယကအဖွဲ့နှင့် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့တို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ပိတ်ပွဲကျင်းပမည့်ရက်အား ယခုလို ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ အခါကြီးရက်ဖြစ်တဲ့ နှစ်ဆန်း(၁)ရက်နေ့မှာ ရဟန်းသံဃာ ဆရာတော်များနဲ့ ပြည်သူတွေဟာ နှစ်သစ်ကူးကိစ္စတွေနဲ့ မအားလပ်တာတွေကြောင့် ရွှေစက်တော်ဘုရားရဲ့ တာဝန်ရှိသူတွေအားလုံးရဲ့ ဆုးဖြတ်ချက်နဲ့ ဧပြီ(၁၈) နှစ်ဆန်း(၂)ရက်နေ့ကို ပိတ်ပွဲပြုလုပ်ဖို့ ဆုံးဖြတ် သတ်မှတ်လိုက်တာပါ"ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက မဇ္ဈိမသို့ပြောသည်။

ရှေးအစဉ်အလာအရ မန်းရွှေစက်တော်ဘုရားပွဲကို တပို့တွဲလဆန်း(၅)ရက်တွင် ခြေတော်ရာဖွင့်ပွဲ ပြုလုပ်ပြီး နှစ်ဆန်းတစ်ရက်နေ့ နံနက်(၈)နာရီတွင် ပိတ်ပွဲပြုလုပ်လေ့ရှိခဲ့ရာမှ ယခု အစိုးရသစ်လက်ထပ်တွင် ပိတ်ပွဲနေ့ကို ပြောင်းလိုက်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရက်ပြောင်းသတ်မှတ်သည့်အပေါ် "ရှေးခေတ်အဆက်ဆက်က အစဉ်အလာကို ပယ်သလို မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကောင်းမယ်ထင်လို့ လုပ်ကြတယ်လို့ မြင်ပါတယ်"ဟု ရွှေစက်တော်ဘုရားစျေးသူစျေးသားများအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုကပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲသို့ ယခုနှစ် လာရောက်သည့် ဘုရားဖူးဧည့်သည်မှာလည်း ၁၀စုနှစ် တစ်ခုအတွင်း ၂၀၁၇ခုနှစ်သည် စံချိန်အတင်ဆုံးဖြစ်ခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required