စမတ်ဖုန်းစျေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ ဆမ်ဆောင်းအမြတ်ငွေ ကျဆင်း

စမတ်ဖုန်းစျေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ ဆမ်ဆောင်းအမြတ်ငွေ ကျဆင်း

ဆိုးလ်၊ ဇူလိုင်-၃၀ ။     ။ ယခုနှစ်၏ ဒုတိယသုံးလပတ်အတွက် အီလက်ထရွန်းနစ်ဘီလူးကြီး ဆမ်ဆောင်း (Samsung)၏ အသားတင်အမြတ်ငွေမှာ ၈ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ ဧပြီလမှ ဇွန်လအထိ အမြတ်ငွေမှာ  ၅.၇၅ထရီလျံ (ကန်ဒေါ်လာ ၄.၉ဘီလျံ)ရှိခဲ့သောကြောင့် ယမန်နှစ်ကထက်စာလျှင် ၈ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ဆမ်ဆောင်း၏ စမတ်ဖုန်းစီးပွားရေးမှာ Apple ၏ iPhoneနှင့် အခြားဈေးပေါသော တရုတ်ပြိုင်ဘက်များ၏ ပြိုင်ဆိုင်မှုကို ကြုံတွေ့ရင်ဆိုင်နေရသည်။ ဆမ်ဆောင်းမှာ စမတ်ဖုန်းနယ်ပယ်ကို လွှမ်းမိုးထား သည့် ဧရာမဘီလူးကြီးဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ Appleနှင့် ဈေးပေါသော တရုတ်ပြိုင်ဘက်များ၏ ဖိအားအောက်တွင် တုန်လှုပ်လာပုံရသည်ဟု နည်းပညာအကြံပေးကုမ္ပဏီ IDCမှ ဒုဥက္ကဌ ဘရိုင်ယင် မားက ဘီဘီစီသို့ ပြောကြားခဲ့သည်။

သီအိုရီအရ ဆမ်ဆောင်းက ဈေးပေါသော တရုတ်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်သော်လည်း ရောင်းအားကောင်းမြဲ ကောင်းနေလျှင်သော်မှ အမြတ်ငွေကို ထိခိုက်လိမ့်မည်ဟုလည်း ဘရိုင်ယင် မားက ပြောကြားခဲ့သည်။

ထို့အပြင် iPhoneများနှင့် ယှဉ်ပြိုင်လာရသည့်အခါတွင် Appleတွင် ၎င်းတို့၏ ကိရိယာများနှင့်ပတ်သက်သည့် အလုံးစုံလွှမ်းခြုံသည့် ဂေဟစနစ်တစ်ရပ်ရှိနေခဲ့သော်လည်း ဆမ်ဆောင်းတွင်မူ ထိုကဲ့သို့သောစနစ်မျိုးမရှိဟုလည်း ၎င်းက ပြောကြားသည်။

ဆမ်ဆောင်း၏ Galaxy S6မှာလည်း အကောင်းဆုံးစံအရည်အသွေးကို မပြည့်မှီဘဲ ရောင်းအားမှာလည်း မျှော်လင့်ထားသလောက်မကောင်းမွန်ခဲ့ပေ။ သို့ရာတွင် လာမည့်သုံးလပတ်တွင် ကြီးမားသော ဖန်ပြင်အသစ်နှင့် ဈေးမကြီးသည့်မိုဒယ်များကို ဈေးကွက်တင်မှုနှင့်အတူ ဖုန်းရောင်းအားလည်း မြင့်တက်လာလိမ့်မည်ဟု ဆမ်ဆောင်းက မျှော်လင့်နေသည်ဟု ကုမ္ပဏီ၏ မိုဘိုင်းစီးပွားရေးဌာန ဒုဥက္ကဌ ပါ့ဂျင်ယောင်းက ပြောကြားခဲ့သည်။

ကုမ္ပဏီက လွှမ်းမိုးထားသည့် စမတ်ဖုန်းဈေးကွက်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်များပြားလာသည်နှင့်အမျှ အီလက်ထရွန်းနစ်ဘီလူးကြီး ဆမ်ဆောင်းမှာလည်း ၂၀၁၃ခုနှစ်နောက်ပိုင်းတွင် အမြတ်ငွေများ ကျဆင်းလာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly