ပြည်သူလူထုကြားအကြမ်းဖက်မှုတွေကို မည်သည့်အခြေနေမျိုးမျှ လက်မခံဟုဆို

ပြည်သူလူထုကြားအကြမ်းဖက်မှုတွေကို မည်သည့်အခြေနေမျိုးမျှ လက်မခံဟုဆို

ရန်ကုန်၊ ဧပြီ ၁၁ ။  ။ ပြည်သူလူထုအကြား အကြမ်းဖက်မှုတွေကို မည်သည့်အခြေနေတွင်မှ လက်ခက်မခံဟုဆို  ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကပြောဆိုလိုက်သည်။

ရန်ကုန်မြို့၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဧပြီ ၁၁ ၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူလူထုအကြား အကြမ်းဖက်လုပ်ရပ်များကို မည်သည့်အခြေနေမျိုးတွင်မှ လက်ခံနိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်မှု မျိုးစေ့ချရန် ကြိုးပမ်းမှုသည် ဒေသတွင်သာမက ဒေသပြင်ပထိ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းကအလေး အနက်ထားပြောကြားခဲ့သည်" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက ဧပြီ ၁၁ရက်က သတင်းထုတ်ပြန်သည်။ 

၂၀၁၅ အောက်တိုဘာ ၉ရက်ကဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုဖြစ်စဉ်တွင် ၂၀၁၇ ဧပြီလ ၃ ရက် အထိ အပြစ်မဲ့အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု အတိုင်ပင်ခံရုံးက ဧပြီ ၃ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး ဦးသောင်းထွန်းက စုံးစမ်းစစ်ဆေးရေးကော်မရှင်မှ "ရခိုင်ပြည်နယ်အတွင်းထိခိုက်မှုရှိခဲ့သည့်နေရာများနှင့် ဘင်္ဂလားဒေ့ရှိနိုင်ငံ ကော့ခ်စ်ဘဇားခရိုင်ကို သွားရောက်စုံစမ်းတာတွေလုပ်နေပါတယ်" ဟု ရှင်းလင်းပွဲမှာ ပြောခဲ့သည်။

ယင်းအပြင် ရခိုင်ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုရှိနေပါက သက်သေနှင့်တကွ တိုင်ကြားပါက တရားဥပဒေနှင့် အညီ အရေးယူမှုများ ဆောင်ရွက်ပေးမည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပအန္တရာယ်များနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ လေ့လာသုံးသပ်အကြံပြုနိုင်ရန် အမျိုးသားလုံခြံုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းကို နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဦးသောင်းထွန်းသည် ၁၉၇၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ မြန်မာသံတမန်တစ်ဦးအဖြစ် ဥရောပနိုင်ငံ ၅ နိုင်ငံထက်မနည်း သံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly