KNU ဘက်မှအခိုင်အမာရပ်တည်မည်ဟု KNDO ထုတ်ပြန်

KNU ဘက်မှအခိုင်အမာရပ်တည်မည်ဟု KNDO ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၁ ။  ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်မှ အခိုင်အမာရပ်တည်မည်ဟု ကရင်အမျိုးသားကာကွယ်ရေးလက်နက်ကိုင်အဖွဲ့ (KNDO) က ဧပြီ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေး လက်နက်ကိုင်အဖွဲ့ (KNDO) အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးတို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဦးအောင်မှုအောက်တွင် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အပစ်ရပ်ရေးဆွေးနွေးမှုများနှင့်ပတ်သက်ပြီး ၎င်းတို့၏ အခြေခံနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးမူအတိုင်း အခိုင်အမာရပ်တည်သွားမည်ဟူ၍လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် KNU ရွေးကောက်ပွဲတွင် KNLA မှ ခေါင်းဆောင်တပ်မှူးကြီးအချို့သည် KNU ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ရွေးကောက်ခံထားရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်ပွားခဲ့ဖူးသည့်အဖွဲ့လည်းဖြစ်သည်။

၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဗဟိုအစိုးရကိုတိုက်ခိုက်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNDO) ကိုဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် KNU ဟုပြောင်းခဲခေါ်ဆိုခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ထိုးသည့် ၆ဖွဲ့မြောက်အဖွဲ့ဖြစ်ပြီး ပြည်နယ်အဆင့် အနေဖြင့် ၂၀၁၂ ဇန်နဝါရီ ၁၂ ရက်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၀၁၂ ဧပြီ ရရက်တွင်ရေးထိုးခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်တိုက်မှုရပ်စဲရေးစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required