ဒါရိုက်တာဝီရ နှင့် တွေ့ဆုံမေးမြန်းခြင်း

ဒါရိုက်တာဝီရ နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာကသိအောင် ထိုးဖောက်နေတဲ့ ရုပ်ရှင်ပညာရှင်တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ဒါရိုက်တာဝီရ ဖြစ်ပါတယ်။ သူ့ရဲ့ရုပ်ရှင်ဇာတ်ကား Project “One Summer Day - နွေတစ်နေ့” ဟာ Cannes ရုပ်ရှင်ပွဲတော် မှာ ရွေးချယ်ခံရပါတယ်။ ဒီလို Project ရွေးချယ်ခံခဲ့ရတဲ့အတွက် ဒီရုပ်ရှင်ဇာတ်ကားပရောဂျက်ကို စီစဉ်ထုတ်လုပ်သူ Creative Producer နဲ ့ ဒါရိုက်တာ တို့ကို Cannes ရုပ်ရှင်ပွဲတော် ကို ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံတကာပညာရှင်တွေနဲ ့ ဆွေးနွေးတိုင်ပင်စေပြီး Project Development လုပ်စေမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ရုပ်ရှင်ဇာတ်ကား Project ပေါင်းမြောက်များစွာထဲကမှ ရုပ်ရှင်ဇာတ်ကား ၁၀ ကား ကိုသာရွေးချယ်ပြီး Cannes ရုပ်ရှင်ပွဲတော်ကိုလာရောက်ဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရတဲ့ ဒါရိုက်တာဝီရရဲ့ ရင်တွင်းစကားသံကတော့-  

“One Summer Day က ဇာတ်ညွှန်းလုပ်နေတာကတော့ ၃ နှစ် လောက်ရှိပြီ။ Cannes မတိုင်ခင်လည်း Tokyo မှာ ရွေးခံရတယ်။ နောက်မနှစ်က ဆွစ်ဇာလန်မှာ Locarno မှာ ရွေးခံရတယ်။ နောက်စကာင်္ပူမှာ Southeast Asian Film Financing Forum မှာ ရွေးခံရတယ်။ နောက်ပြီးတော့ HaNoi မှာ မနှစ်က The Best Project Award ရတယ်။ အရင်ဆုံး များသောအားဖြင့် ဒီမှာ Pre-production state ဒီမှာတော့ သိပ်မလုပ်ကြဘူးဗျ။ ဇာတ်ကားကို တန်းပြီးတော့ ရိုက်ကြတာများတယ်။ ဒါပေမယ့် တကယ့်တကယ်ကတော့ process က အများကြီး၊ ဇာတ်ကားတစ်ကားမရိုက်ခင်မှာ လုပ်ရတဲ့ အရာတွေက အများကြီးပေါ့။ ကျွန်တော်တို့က အဲဒါပေါ့။ Cannes ရဲ့ ဒီ Market က La Fabrique လို့ ခေါ်တယ်။ ဒီကောင်က တစ်ကမ္ဘာလုံးက ဇာတ်ကားတွေ ဝင်လျှောက်ကြတာပေါ့။ ဝင်လျှောက်လို့ ရွေးချယ်ခံရပြီဆိုတာနဲ့ ၁၀ ကားပဲ ရွေးတော့တယ်။ Creative Producer နဲ့ ဒါရိုက်တာ နှစ်ယောက်ကို Cannes ကို ဖိတ်တယ်။ ဖိတ်ပြီးတော့ Cannes မှာ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဘယ်ဟာတွေ အားနည်းချက်တွေ ဘယ်လိုရှိတယ်။ အားသာချက်တွေ ဘာတွေရှိတယ် ဆိုတဲ့ဟာတွေကို ဇာတ်ညွှန်းပညာရှင်တွေနဲ့ ဆွေးနွေးတယ်။ နောက်ပြီးတော့ တခြားကဏ္ဍတွေမှာလည်း Distribute ဆိုရင် ဘယ် market တွေကို သုံးသင့်တယ်။ အဲဒါတွေအကုန်လုံး ဆွေးနွေးတာပေါ့။ ပညာရှင်တွေကနေပြီးတော့ ကျွန်တော်တို့ကို ဖိတ်ပြီးတော့ ဆွေးနွေးတိုင်ပင်ကြတယ်ပေါ့။ နောက်တစ်ချက်က ဒီလိုဇာတ်ကားရွေးချယ်ခံလိုက်ရမယ်ဆိုတာနဲ့ Cannes ရဲ့ မားကတ်က ကမ္ဘာမှာ အကြီးဆုံးဆိုတော့ တကမ္ဘာလုံးကလူတွေအကုန်လုံးက လာကြတယ်။ ဒီမှာ ရွေးချယ်ခံလိုက်ရပြီဆိုတာနဲ့ သူတို့ရဲ့ Attention က အဲ့ပေါ်မှာရောက်သွားပြီ။ နောက်ပြီးတော့ ပူးပေါင်းပြီးတော့ ထုတ်မှာပေါ့။ ဥပမာ-ဘယ်မားကတ်အတွက်ကိုတော့ ငါတို့က တာဝန်ယူမယ်ပေါ့။ အဲဒီလိုမျိုးပေါ့။ တကမ္ဘာလုံးက Co-production တွေ၊ Co-producer တွေက လာကြမှာဆိုတော့ ဒါကတော့ Cannes မှာ လုပ်ရတဲ့ Process ပေါ့။ ဆိုတော့ တော်တော်တော့ မိုက်တယ်။” လို့ပြောပါတယ်။

Project ရွေးချယ်ခံခဲ့ရတဲ့ “နွေတစ်နေ့” ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့အတူ လူငယ်တွေရဲ့ အမြင်တွေကို ထည့်သွင်း ရိုက်ပြထားတယ်လို့ သိရပါတယ်။ နွေတစ်နေ့ ရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ အခုလိုပြောပါတယ်။

“ရုပ်ရှင်က ဒရမ်မာပဲပေါ့နော်။ မောင်နှမနှစ်ယောက်ကြားထဲက မတူညီတဲ့ သဘောတရားပေါ့။ အဓိက,ကတော့ နိုင်ငံရဲ့ အပြောင်းအလဲဖြစ်တဲ့ Contemporary ဖြစ်နေတဲ့ issue ပေါ့။ နောက် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့Future က ဘယ်ကို ဆက်သွားမှာလဲ။ အဲဒီမှာ Young Generation တွေရဲ့ အမြင်တွေက ဘယ်လိုလဲပေါ့။ Old Generation တွေရဲ့ အမြင်က ဘယ်လိုလဲ ဆိုတဲ့ဟာမျိုးပေါ့။ Generation နှစ်ခု မတူတဲ့ Perspective တွေအကြောင်းပေါ့။ ဇာတ်လမ်းတော့ ကျွန်တော် မပြောချင်သေးဘူး”

ဒါရိုက်တာ ဝီရဟာ ၂၀၀၈ ခုနှစ်က စတင်ပြီး ရုပ်ရှင်နယ်ပယ်ထဲကို ရောက်ရှိလာခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ကွဲပြားချင်တဲ့ သူ့ရဲ့ စိတ်ဓာတ်တွေရဲ့ စေစားရာအတိုင်း ကြိုးစားခဲ့ပြီး နိုင်ငံတကာကို မြန်မာ့ရုပ်ရှင်အရည်အသွေးတွေ ချပြနိုင်အောင် ဖော်ဆောင်လာခဲ့ပါတယ်။

“၂၀၀၈ လောက်မှာပဲ ကျွန်တော့် ဆရာ ဦးငြိမ်းမင်းတို့ ၊ ဆရာ ဦးမျိုးမင်းတို့နဲ့ ကျွန်တော် Assistant လုပ်တယ်။ နောက်ပြီး တချို့ဇာတ်ကားတွေမှာ ဇာတ်ညွှန်းဝိုင်းရေးတာတွေ လုပ်တယ်။ ခဏပဲ လုပ်ဖြစ်လိုက်တယ်ပေါ့။ ဒီဘက် Industry မှာတော့။ ၂၀၀၉ မှာ ကျွန်တော် Japan , Mekong ပြိုင်ပွဲမှာ ရွေးခံရတယ်။ ဟိုရောက်သွားတယ်။ ပြန်လာတယ်။ ပြန်လာတဲ့ အချိန်မှာ အမြင်က ပြောင်းသွားပြီ။ အနည်းနဲ့အများ ပြောင်းသွားပြီ။ ၂၀၀၉ ဂျပန်ကနေ ပြန်လာတဲ့ နောက်ပိုင်းမှာတော့  Documentary တွေ ဘာတွေ ရိုက် အဲဒီလိုမျိုး အခြေအနေပဲရှိသေးတယ်။ ၂၀၁၂ မှာ ကျွန်တော် fly ဆိုတာ Film Leaders Incubator ပေါ့။ အာဆီယံတစ်နို်င်ငံကနေ နှစ်ယောက်စီ ရွေးတာပေါ့။ ရွေးပြီးတော့ ဖိလစ်ပင်းမှာအရင် Training ပြီးတော့ ဂျပန် ထပ်ပို့တော့ ကျွန်တော် အဲဒီမှာ ဖိလစ်ပင်းမှာ ရွေးခံရတဲ့ထဲကနေပြီးတော့ (၂၂) ယောက်ရှိတယ်။ အဲဒီထဲကနေ (၂) ယောက်ကို အတော်ဆုံး ကျောင်းသားဆု ပေးတယ်ပေါ့။ အဲဒီတုန်းက ကျွန်တော် နောက်တစ်ယောက်က မြန်မာပြည်ကပဲ နှစ်ယောက်က ဂရု နှစ်ခု။ ဟိုဘက်က ကိုလွင်ကိုကိုဦး ဒီဘက်အုပ်စုက ကျွန်တော်ပေါ့။ ကျွန်တော်တို့ နှစ်ယောက်စလုံး အတော်ဆုံးကျောင်းသားဆုရတာပေါ့။ အဲဒီမှာ life က နည်းနည်းပြောင်းသွားတာပဲ။ အဲဒါပြီးတော့ ဂျပန်ကို ထပ်သွားတယ်။ Hokkaido မှာကျွန်တော် ဆုထပ်ရတယ်။ အဲဒီဂျပန်မှာပဲ ဆုလေးဆုလောက် ဆက်တိုက်ရပြီးတော့ လုပ်တဲ့ အလုပ်ပုံစံကပြောင်းလာတယ်။ Perspsctive  အမြင်ပြောင်းသွားတယ်။ နောက်တချက်က စကော်လာတွေ ရတယ်။ ဟိုဘက်တွေ ရောက်သွားတယ်ပေါ့။ အဲဒီမှာ အပြောင်းအလဲကတော့ တော်တော်လေးကို ကြီးသွားတယ်။ ဟိုရောက်တဲ့အချိန်မှာလည်း သင်ကြားရတဲ့ ပုံစံတွေ၊ ခံယူတဲ့ပုံစံတွေ အဲဒါတွေပါ ပြောင်းသွားတယ်ဆိုတော့ ၂၀၁၃ ဇွန်မှာ ကိုရီးယားမှာ  Asia Film Festival  မှာ စကော်လာရတယ်။ ကျွန်တော် မြန်မာပြည်က ပထမဆုံး အရွေးခံရတာပေါ့။ အဲဒီမှာ သွားတက်ပြီး ပြန်လာတယ်။ ဆိုတော့ အပြောင်းအလဲက စတာတော့ ၂၀၀၈ လောက်က စတာပေါ့။ ဒါပေမယ့်လည်း တကယ်တမ်းပြောင်းသွားတာ ပြောရမယ်ဆိုရင်တော့ ၂၀၁၂ လောက်ပေါ့။” ဟု ပြောသည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့တဲ့သူက နိုင်ငံတကာရုပ်ရှင်နဲ့ မြန်မာ့ရုပ်ရှင် ကွဲပြားခြားနားချက်တွေအကြောင်းကို အခုလိုပြောပြလာပါတယ်။

“အရင်တုန်းကပြောကြတယ်။ အရင်တုန်းကတော့ ဒီ ဆင်ဆာတို့၊ စစ်အစိုးရ လက်ထက်မို့လို့ လုပ်ရကိုင်ရ ခက်တယ်တို့ ဆိုတော့ ကျွန်တော် ပြောချင်တာက ဟုတ်တယ်။ အခက်အခဲကတော့ လူတိုင်းမှာ ရှိတယ်။ နိုင်ငံတိုင်းမှာ ရှိတယ်ပေါ့နော်။ ကွာခြားတဲ့ ပုံစံတွေကို ကိုယ်က လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆို သူများနိုင်ငံမှာ ဘာတွေလုပ်နေလဲ။ အလုပ်လုပ်နေတဲ့ work flow က ဘယ်လိုလဲ။ Attitude က ဘယ်လိုလဲ။ အဲဒါတွေ အကုန်လုံးကို လေ့လာဖို့ လိုအပ်တယ်။ တခုခုဆိုရင် လွယ်ကူတယ်တော့ မဟုတ်ဘူး။ ဒါပေမယ့် blaming ပဲ လုပ်နေပြီးတော့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဆိုတာထက်ကို စစ်အစိုးရ အုပ်ချုပ်ခဲ့တာကတော့ ကျွန်တော်တို့မှ မဟုတ်ဘူး။ တခြားနိုင်ငံတွေလည်း အုပ်ချုပ်ခဲ့တာပဲ။ ကွန်မြူနစ်နိုင်ငံတွေ၊ ကျွန်တော်တို့ထက် ဆိုးတဲ့ တခြားနိုင်ငံတွေ အများကြီးပဲ။ အရှေ့ဥရောပ နိုင်ငံတွေရော။ ဒါပေမယ့် ရုပ်ရှင်ကောင်းတွေ ထွက်နေတယ်။ ဘာကြောင့်လည်းဆိုတော့ ယူနစ်တီ ဖြစ်တယ်။ အမြဲတမ်းအသစ်ကို လုပ်ချင်တယ်ဆိုတဲ့ စိတ် ရှိတယ်။ ကျွန်တော် ကြားကြားနေတဲ့ စကားရှိတယ် ပရိသတ်တွေကို ချပြလို့မရဘူး ပရိသတ်က ..။ ဆိုတော့ ပရိသတ်ကို ကျွန်တော်ပြောတာက ပညာရေးစနစ်ပဲ ဖြစ်ဖြစ် ကျန်တဲ့ဟာတွေပဲဖြစ်ဖြစ် educated လုပ်တဲ့ ကိစ္စသော်လည်းကောင်း ဒါမှမဟုတ်ရင် ကိုယ်က artist ကိုယ်လုပ်တဲ့ အနုပညာတစ်ခုကို ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ သန့်သန့်စင်စင်လုပ်ပြနိုင်ရင် ရတယ်။ ပရိသတ်က ဒီလိုပဲဆိုတော့။ ဟာသကားတွေ နာမည်တောင်မှ မကြားဝ့ံမနာသာ ဟာသကားတွေ ဆက်ရိုက်နေမယ်။ ကျွန်တော်က ဟာသကားတွေ Comedy တွေကို စော်ကားပြီး ပြောတာမဟုတ်ဘူး။ Comedy ကားကောင်းတွေ အများကြီးပဲ။ ဒါပေမယ့် ဘာမှန်းမသိတဲ့ ခါးအောက်ပိုင်း ပျက်လုံးတွေနဲ့ အဲဒီလိုကားတွေပဲ လုပ်နေပြီးတော့ ဆင်ဆာမရလို့ပါတို့ ဘာစနစ်က ညံ့လို့ပါတို့ ..။  နိုး ဒါက excuse သပ်သပ်ပဲ။ တကယ်လုပ်ချင်ရင် ဖြစ်တယ်။ ကျွန်တော်တို့ အနီးအနားက လာအိုတို့ ဘာတို့က Cannes ကိုရောက်နေတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ရောက်တာ။ ကျွန်တော်တို့ထက် အများကြီး ဆင်းရဲတယ်။ ကျွန်တော်တို့ထက် industry လည်းရှိတယ်။ ဘာပစ္စည်းမှမရှိဘူး ကျွန်တော်တို့ လောက်တောင်။ ဒါပေမယ့် သူတို့ရဲ့ Attitude နဲ့ တွေးခေါ်ပုံက မတူဘူး။ ဆိုတော့ တကယ်လုပ်ချင်တယ်ဆိုရင် ဖြစ်တယ်။ ကွာခြားမှုတွေ ပြောကြေးဆို အများကြီးပဲ အစ်မရယ်။ ကျွန်တော် မပြောလိုဘူး။ ဒါပေမယ့် ဒီလောကထဲမှာ တကယ်ကြိုးစားနေတဲ့ လူတွေ တကယ် စိတ်ရှိနေတဲ့ သူတွေ ရှိတယ်။ တချို့က စိတ်ရှိတယ်။ တကယ်လည်း creative လုပ်ချင်တဲ့ စိတ်ရှိတယ်။ အမြင်မတူတာတွေလည်း ရှိတယ်။ တချို့ကတော့ မသိတာပေါ့။ ဘယ်သွားရမှန်း မသိတဲ့ လူတွေရှိတယ်။ ဒီလိုလူတွေတော့ ကျွန်တော်မပြောလိုပါဘူး။ သူတို့မှာပြောင်းချင်စိတ်ရှိတယ်ဗျာ။ နံပါတ်တစ်က ပြောင်းချင်စိတ်ရှိဖို့ လိုတယ်ပေါ့။ Industry နှစ်ခုကွာခြားမှုကတော့ တော်တော်လေးများတယ်ပေါ့။” လို့ နိုင်ငံတကာနဲ့ မြန်မာ့ရုပ်ရှင်တို့ရဲ့ ကွာခြားချက်ကိုလည်း ပြောသွားပါတယ်။

နယ်မြို့လေးကနေ တက်လာပြီး ရူးသွပ်တဲ့ အနုပညာဖန်တီးမှုတွေနဲ့အတူ မဆုတ်မနစ် ကြိုးစားခဲ့ရမှုတွေကြောင့် သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့ပါပြီ။ ရုပ်ရှင်ပေါ်ချစ်စိတ်၊ အများနဲ့မတူ ကွဲပြားခြားနားချင်စိတ်တွေဟာ သူ့ကို အောင်မြင်မှုတွေများစွာ ရရှိစေခဲ့ပါတယ်။

“ကျွန်တော် နိုင်ငံတကာမှာ ဆုတွေရတယ်။ အဓိက,က training တွေမှာ။ မင်းတို့ တစ်နေ့ကို ၈နာရီ အိပ်ရင် ငါက တစ်နေ့ကို ၄ နာရီပဲ အိပ်မယ်။ ကျွန်တော်တို့က အများကြီးနောက်ကျတယ်။ အများကြီးနောက်ကျရင် ပိုကြိုးစားရမယ်။ ဆိုတော့ မြန်မာတွေ မညံ့ဘူးဆိုတာ အဲဒီစိတ်။ ငါတို့ မြန်မာတွေ မညံ့ဘူး။ ငါတို့ မြန်မာတွေ လုပ်နိုင်တယ်ဆိုတဲ့စိတ်ကို အမြဲတမ်းထားထားတယ်။ အဲဒီတော့ ကိုယ့်ထက် ဘာသာစကားသော်လည်းကောင်း အတွေ့အကြံုသော်လည်းကောင်း အများကြီး သာတဲ့သူနဲ့ ယှဉ်ရတာ။ အရမ်းကျွန်တော်တို့က နောက်ကနေ လိုက်ရတယ်။ အဲဒီတော့ ဘာလုပ်နိုင်လဲ။ ကျွန်တော်တို့က ဝီရီယ ထားနိုင်တယ်။ ဝီရိယကို အဓိက ထားရမယ့် ကာလပေါ့နော်။ ဆိုတော့ ဒါကြောင့်မို့ ဆုရတာ။ မြန်မာတွေ ဆိုတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ တခြားလူတွေလည်း ခုချိန်မှာ ကိုတင်ဝင်းလှိုင်တို့ ကျန်တဲ့သူတွေ အများကြီးပဲ ပေါ်လာကြတယ်ပေါ့။ ဝမ်းသာဖို့ကောင်းတယ်။ 

Industry အသီးသီးက လူငယ်တွေ ဒီထက်ပိုကြိုးစားသင့်တယ်။” လို့ ပြောပါတယ်။
ဒါရိုက်တာ ဝီရဟာ  ၂၀၁၃ ခုနှစ်မှာ Green Age ရုပ်ရှင်ထုတ်လုပ်ရေးကို ထုတ်လုပ်သူနဲ့အတူ စတင်တည်ထောင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လူမသိသေးတဲ့ အနုပညာမြောက် လက်ရာကောင်းတွေနဲ့ အမြဲတန်ဖိုးရှိနေမယ့် အရာတွေကို ထင်ဟပ်စေမယ့် ဇာတ်လမ်းတွေကို ထုတ်လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့  တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ထုတ်လုပ်ရေးကနေ  လွတ်လပ်တဲ့ မြန်မာ့ရုပ်ရှင်လောကကို လမ်းသစ်ဖောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာလူငယ် ရုပ်ရှင်ဒါရိုက်တာတွေ အတွက် ထောက်ပ့ံကြေးနဲ့ အခြားအရင်းအမြစ်တွေကို ပံ့ပိုးထားပါတယ်။ ကုမ္ပဏီအနေနဲ့ ရုပ်ရှင်ကားများအပြင် မှတ်တမ်းရုပ်ရှင်များကိုလည်း ရိုက်ကူးထုတ်လုပ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly