၂နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မည်ဟု ADB ခန့်မှန်း၊ လွန်ကဲသောစိုးရိမ်မှုများမဟုတ်ဟု ADB ပြော

၂နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မည်ဟု ADB ခန့်မှန်း၊ လွန်ကဲသောစိုးရိမ်မှုများမဟုတ်ဟု ADB ပြော

ရန်ကုန်၊ ဧပြီ ၁၁ ။                 ။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုစျေးနှုန်း မြင့်မားခြင်း၊ ကျပ်ငွေတန်ဘိုးကျဆင်းခြင်းတွေကြောင့် အခု ၂ နှစ်အတွင်း( ၂၀၁၇၊ ၂၀၁၈) မှာ မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်း   မြင့်တက်ဖို့ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

 ၂၀၁၇ ခုနှစ်မှာငွေကြေးဖောင်းပွမှုနှုန်း ရ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ရ.၅ ရာခိုင်နှုန်းဖြစ်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်-ADB က ရဲ့ အခုနှစ် ဧပြီလဆန်းပိုင်းက ထုတ်ပြန်ထားတဲ့ အာရှဖွံ့ဖြိုးရေးရှုမြင်သုံးသပ်ခြင်း-၂၀၁၇ မှာဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်မှာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၁.၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် NLD ပါတီဦးဆောင်တဲ့ ပထမတစ်နှစ်မှာ ငွေကြေးဖောင်းပွနှုန်းဟာ ၆.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီ ၂ နှစ်အတွင်း နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာလည်းတိုးတက်မှုရှိမှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှုဟာသိပ်ပြီးစိုးရိမ်စရာမရှိဘူးလို့ ADB ရဲ့ မြန်မာပြည် ခေတ္တဌာနေကိုယ်စားလှယ်ဖြစ်သူကပြောပါတယ်။

"စီးပွားရေးတိုးတက်မှုရှိတာကြောင့် ငွေကြေးဖောင်းပွမှုကိုအခုအချိန်မှာသိပ်ပြီးပူပန်မှုတွေတော့ မရှိပါဘူး၊ ဒီငွေကြေးဖောင်းပွမှုကတော့ ရှေ့မှာဆက်လက်မြင့်တက်ဦးမယ်လို့ ခန့်မှန်းပါတယ်" လို့ ADB ရဲ့ Myanmar Resident Mission, Principal Country Specialist ယူမီကိုတာမူရာက ပြောပါတယ်။

၂ နှစ်အတွင်းစီးပွားရေးတိုးတက်မှုတွေကတော့ အခုနှစ်မှာ GDP တိုးတက်မှု ရ.၇ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ခုနှစ်မှာ GDP တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဖြစ်မယ်လို့ ADB က ခန့်မှန်းထားပါတယ်။

ADB အနေနဲ့ အနာဂတ်မြန်မာ့စီးပွားရေးတိုးတက်မှုကို အကောင်းမြင် မျှော်မှန်းထားပေမယ့် တိုင်းပြည်စီးပွားရေးပွင့်လာနိုင်တာနဲ့ အမျှ ပြင်ပရဲ့ သက်ရောက်မှု တွေကိုတောင့်ခံနိုင်အောင် အစိုးရအနေနဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကိုအမြော်မြင် ရှိရှိသတိထားလုပ်ကိုင်သင့်တယ်လို့ အကြံပေးထားပါတယ်။

"ဒီနေရာမှာအစိုးရက နိုင်ငံရဲ့ စီးပွားရေးပိုပြီးသန်မာပြီးသက်ရောက်မှုတွေကိုခံနိုင်စွမ်းရှိအောင် လုပ်ရမှာ။ တိုုင်းပြည်ကပွင့်လင်းလာတဲ့အခါ ပြင်ပဖိအားတွေကဘဏ္ဍာရေးကဏ္ဍကိုသက်ရောက်စေမှာဖြစ်တယ်။ ငွေကြေးကဏ္ဍကအာဏာပိုင်တွေကအမြော်အမြင်ရှိတဲ့ မူဝါဒတွေ ထားပြီး ပြည်တွင်းဘဏ်လုပ်ငန်းကိုကာကွယ်ရမယ်။ နောက်ထပ် အရေးကြီးတာတစ်ခုကလည်းကျပ်ငွေတန်ဘိုးခိုင်မာစေဖို့ နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေကိုပိုပြီးပျော့ပြောင်းညင်သာအောင် ကိုင်တွယ်ဖို့ လိုတယ်။" လို့ ယူမီကိုတာမူရာက ဆက်ပြောပါတယ်။

လက်ရှိ နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာဆိုရင်လည်းလိုငွေပြတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေသလို ၀န်ဆောင်မှု၊ရင်းနှီးမြှုပ်နှံမှုနဲ့ တိုင်းပြည်ရဲ့ ပြည်ပနိုင်ငံတွေကရရှိတဲ့ အသားတင်ဝင်ငွေအလုံးစုံအပေါ်မှာ တွက်ချက်ထားတဲ့ Current Account မှာလည်းရှေ့မှာပိုမိုကျယ်ပြန့်လာဖို့ ရှိတယ်လို့လည်း ADB က ခန့်မှန်းထားပါတယ်။

ဒါကြောင့် တိုင်းပြည်မှာပိုက်ဆံပိုရှိလာဖို့ အခွန်အကောက်မှန်ကန်အောင် ရရှိဖို့ အစိုးရရဲ့ ဘဏ္ဍာငွေတွေကိုတို်းပွားအောင် လုပ်ကိုင်ဖို့ကလည်းလိုအပ်နေတယ်် လို့ အာရှဖွံ့ဖြိုးရေးဘဏ်-ADB က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required