ကိုရီးယားကျွန်းဆွယ်အနီး အမေရိကန်ရေတပ် အင်အားပြသမှုအပေါ် တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ကိုရီးယားကျွန်းဆွယ်အနီး အမေရိကန်ရေတပ် အင်အားပြသမှုအပေါ် တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

ဧပြီ ၁၁ ။                   ။ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း အမေရိကန်ရေတပ်မှ တိုက်ရေယာဉ်စု လာရောက်ဖြန့်ကျက်မှုအပေါ် မြောက်ကိုရီးယားတို့က ပြစ်တင်ရှုတ်ချသွားခဲ့ပြီး မိမိတို့နိုင်ငံအပေါ် ၀ါရှင်တန်အစိုးရဘက်က ပိုမိုတင်းကျပ်ဖိအားပေးလာချိန်  စစ်ပွဲအတွက် မိမိတို့ဘက်မှ အသင့်ရှိနေပြီဖြစ်ကြောင်း ခြိမ်းခြောက်သတိပေးသွားသည်။

အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်ပါ၀င်သော တိုက်ရေယာဉ်စုမှာ ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်းက မူလစီစဉ်ထားရာ သြစတြေးလျခရီးစဉ်ကို ဖျက်သိမ်းကာ ကိုရီးယားသို့ ကျွန်းဆွယ်သို့ ဦးတည်လာခဲ့ပြီး အင်အားလာပြခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်တို့နိုင်ငံအပေါ် ကျူးကျော်ဝင်စွက်ဖက်ဖို့ ရည်ရွယ်တဲ့ အမေရိကန်တို့ရဲ့ ယခုလုပ်ရပ်တွေကြောင့် တကယ့် အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောလို့ရပါတယ်၊ ခုလို အမေရိကန်တို့ဘက်က စစ်ဖြစ်ဖို့ ဆန္ဒရှိနေတယ်ဆိုရင် တုန့်ပြန်ရင်ဆိုင်ဖို့ အသင့်ပါပဲ" ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြံုယမ်းအစိုးရပိုင် သတင်းအေဂျင်စီ KCNA က ထုတ်လွှင့်သွားသည်။

အလားတူ ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားသို့ ဒုံးကျည်တိုက်ခိုက်မှုကြီးတစ်ခု အမေရိကန်တို့ဘက်က လုပ်ဆောင်ခဲ့ခြင်းကလည်း မြောက်ကိုရီးယားတို့ကို တစ်ဘက်လှည့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်ကြောင်းလည်း အဓိပ္ပါယ်ကောက်ယူ၍ ရနိုင်ပြီး တစ်ချိန်တည်းတွင်မှာလည်း သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြံုယမ်းအစိုးရအပေါ် ထိန်းချုပ်နိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်ရန် ၎င်း၏ အကြံပေးများနှင့် တိုင်ပင်လျက်ရှိကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်အနေဖြင့် ပြီးခဲ့သည့် ကာလကတည်းက တရုတ်မကူညီလည်းပဲ မြောက်ကိုရီးယားတို့အပေါ် အရေးယူကိုင်တွယ်သွားမည်ဟု ပြောဆိုထားခဲ့ဖူးသူဖြစ်သည်။

သို့သော် ယခု မြောက်ကိုရီးယားတို့၏ တုန့်ပြန်ချက်အရမူ ၎င်းတို့နိုင်ငံအပေါ် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများ၊ အမေရိကန်တို့၏ ယခုလက်ရှိ ဖိအားပေးလာမှုများနှင့် ကြံုတွေ့နေရသော်ငြားလည်း လက်ရှိသွားနေသည့်လမ်းကြောင်းအတိုင်းသာ ဆက်သွားမည်အနေအထားကို ပြသနေလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required