သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် ဧပြီလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားမည်

သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် ဧပြီလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားမည်
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန်၊ ဧပြီ ၁၁ ။                ။ သံလွင်တံတား(ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးပြီး ဧပြီလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ဧပြီ ၁၀ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလ ပြုပြင်ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုခဲ့သည်။

သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ်အမည်ပေးခဲ့ပြီး ဧပြီလ နောက်ဆုံးပတ်တွင် တံတားခံနိုင်ဝန်ကို စစ်ဆေးပြီးပါက အများပြည်သူ ဖြတ်သန်းသွားလာနိုင်ရန် ခွင့်ပြုပေးသွားမည်ဟု ဦးကျော်လင်းက ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် ဖွင့်လှစ်မည့် တံတားဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဟု အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီလ ၈ ရက်က မဇ္ဈိမကို အတည်ပြုပြောဆိုခဲ့သည်။

ဖခင်နာမည် ဂုဏ်ပြုခေါ်ဆိုထားသော အဆိုပါတံတားဖွင့်ပွဲအား သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၊ မတက်ရောက်ကို အတည်ပြုရန် မဇ္ဈိမက ဧပြီလ ၈ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ "အတိုင်ပင်ခံပုဂ္ဂိုလ် မတက်ပါဘူး" ဟု ဦးဇော်ဌေးက ပြန်လည်ဖြေဆိုထားခဲ့သည်။

တံတားမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသော သံလွင်မြစ်ကူးတံတားဖြစ်ပြီး သံလွင်တံတား(ချောင်းဆုံ) အမည်မှ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်သို့ ပြောင်းလဲခြင်းအပေါ် ဒေသခံများက ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့် အဆိုပါတံတားဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်၊ မတက်ရောက်မည်အား လူထုက စိတ်ဝင်စားလျက်ရှိသည်။

သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပြောင်းလဲခြင်းကို ကန့်ကွက်ကြောင်း ချောင်းဆုံ ဒေသခံ ၃၀၀ ခန့်က မတ်လ ၂ ရက်က ဆန္ဒဖော်ထုတ်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင်လည်း မော်လမြိုင်မြို့ပေါ်၌ လူအင်အားသောင်းချီ ထပ်မံဆန္ဒဖော်ထုတ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ပြည်ခိုင်ဖြိုး(USDP) အပါအဝင် နိုင်ငံရေးပါတီ ၁၅ ခုတို့မှ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်းကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် မုန်းတီးရေး၊ လူမျိုးရေးနှင့် ပဋိပက္ခများအတွက် တာဝန်ယူရမည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required