တောင်ဒဂုံစက်မှုဇုန်ထုတ် ဆူဇူကီးတံဆိပ် လူစီးကားမော်ဒယ်လ် သစ်ရောင်းချမည်

တောင်ဒဂုံစက်မှုဇုန်ထုတ် ဆူဇူကီးတံဆိပ် လူစီးကားမော်ဒယ်လ် သစ်ရောင်းချမည်
ဆူဇူကီး(မြန်မာ)က ထုတ်လုပ်လိုက်သည့် ERTIGA လူစီးကားမော်ဒယ်လ်သစ်ကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇူလိုင် ၂၉ က မိတ်ဆက်စဉ်။ (ဓာတ်ပုံ- မင်းမင်း)

နေပြည်တော်၊ ဇူလိုင် ၂၉ ။          ။ တောင်ဒဂုံစက်မှုဇုန်ရှိ ဆူဇူကီး(မြန်မာ)မော်တော် ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် လူစီးကားမော်ဒယ်လ်သစ်ကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇူလိုင် ၂၉ က စတင်မိတ်ဆက်လိုက်သည်။
 
အာတီဂါ(ERTIGA)ဟု အမည်ပေးထားသော လူ(၇)ယောက် စီးနိုင်သည့် မော်ဒယ်လ်သစ်ကား တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁၇,၉၀၀(မှတ်ပုံတင်ကြေးနှင့် ဝယ်ခွန်မပါ)တန်ဖိုးရှိပြီး မြန်မာငွေပေါက်ဈေးဖြင့် ဇူလိုင် ၃၀မှ စတင်ကာ ဆူဇူကီး အရောင်းကိုယ်စားလှယ် ငါး ဦးထံမှ တစ်ဆင့် ရောင်းချမည်ဖြစ်သည်။
 
ရောင်းချမည့် ဆူဇူကီး တရားဝင်အရောင်းကိုယ်စားလှယ်များမှာ လွင်နှင့်စွမ်းမော်တော်၊ အောင်မော်တော်၊ မျိုးမော်တော်၊ ရဲနဒီမော်တော်နှင့် အေအိုင်ဂျီမော်တော်တို့ဖြစ်သည်။
 
ဆူဇူကီး(မြန်မာ)မော်တော်ကုမ္ပဏီလီမိတက်မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Keiichi Asano က “အာတီဂါ ကားတွင် နောက်ဖက်ထိုင်ခုံများအတွက် လေအေးပေးစက်သီးခြားပါရှိကာ ABS (Anit­- Locked Brake System) လေအိတ်နှစ်ခု စသည့် စံချိန်မှီ အန္တရာယ်ကင်း လုံခြုံစိတ်ချရသော အသွင်အပြင်များနှင့် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများ တပ်ဆင်ထားသဖြင့် သက်တောင့် သက်သာရှိ သည့် ကားမောင်းနှင်မှု အရသာကို ပေးနိုင်စွမ်းရှိသည်” ဟု ပြောသည်။

အဆိုပါ အတီဂါ ကားသစ်ကို အာမခံ (၃)နှစ်ပေးသည်ဟုလည်း ၎င်းက ဆိုသည်။

ဆူဇူကီးသည် အာတီဂါ ကားသစ်ကို မထုတ်လုပ်မီ ၁၉၉၈ခုနှစ်၊ နိုဝင်ဘာတွင် (၁၀)နှစ် သက်တမ်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သဘောတူညီချက်ကို မြန်မာအစိုးရထံမှ ရရှိပြီးနောက် အမှတ်(၂) စက်မှုဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ငန်းအဖြစ် မြန်မာဆူဇူကီးမော်တော်ကုမ္ပဏီလီမီတက်ကို စတင်ထူထောင်ခဲ့သည်။
 
ယင်းနောက် ၁၉၉၉ခုနှစ်တွင် Carry Truck မော်တော်ကား၊ Wagon R+ လူစီးမော်တော်ယာဉ်နှင့် Viva မော်တော်ဆိုင်ကယ်တို့ကို ထပ်မံထုတ်လုပ်ခဲ့သည်။
 
၂၀၁၃ခုနှစ်တွင် ဆူဇူကီး(မြန်မာ)မော်တော်ကုမ္ပဏီလီမီတက်အား ဆူဇူကီး မော်တော်ကော်ပိုရေးရှင်း၏ ၁၀၀ရာခိုင်နှုန်း လက်အောက်ခံကုမ္ပဏီအနေဖြင့်တည်ထေcာင်ကာ Carry Truk အား စတင် ထုတ်လုပ်ပြီး နှစ်နှစ်အကြာတွင် အာတီဂါ(ERTIGA) လူစီးကားမော်ဒယ်လ်သစ်ကို မိတ်ဆက်လာခြင်းဖြစ်သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် အာတီဂါ လူစီးကားမော်ဒယ်လ်သစ်တစ်စီးအား မြန်မာအစိုးရသို့ ပေးအပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်က လက်ခံရယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required