ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း စွန်းအနီးမှ ဆိုင်ကလုန်း မုန်တိုင်းရွေ့လျားနေဟု မိုး/ဇလ ထုတ်ပြန်

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း စွန်းအနီးမှ ဆိုင်ကလုန်း မုန်တိုင်းရွေ့လျားနေဟု မိုး/ဇလ ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၃၀ ။        ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် ဇူလိုင် ၃၀ နံနက် ၁၀နာရီ ၃၀မိနစ် တိုင်းထွာချက်အရ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း ကိုမန်(Komen)အဖြစ်သို့ ရောက်ရှိလာသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
 
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသသို့ ဦးတည်၍ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း စွန်းဒေသအနီး မှရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။
 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်း‌ခြေဒေသကို စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
 
ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၈၀)အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် (၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
 
ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေ ခန့်အထိနှင့် စစ်တွေခရိုင်ကမ်းခြေဒေသတွင် (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင်သည်ဟုလည်း သတိပေးထားသည်။
 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၁၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၅၀)ခန့်၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်မြောက်ဘက် (၈၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly