ပျဉ်းမနား-တောင်ညို လမ်းမဘေး ရောက်ရှိလာသည့် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍာပ်

ပျဉ်းမနား-တောင်ညို လမ်းမဘေး ရောက်ရှိလာသည့် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍာပ်

နေပြည်တော်၊ ဧပြီ ၁၀ရက် ။            ။ ယခင်နှစ်များတွင် နေပြည်တော်ကောင်စီနယ်မြေတွင် မြို့တေ်ာဝန် မဟာသင်္ကြန် မဏ္ဍာပ်သည် မြို့တော်ခန်းမဝန်း အတွင်း၌သာ တည်ဆောက်ခဲ့သော်လည်း ယနှစ်မှ စတင်ပြီး အဆိုပါ မဏ္ဍာပ်အား ပျဉ်းမနား-တောင်ညိုလမ်းမဘေး မြို့တော်ခန်းမ၏ ရှေ့တည့်တည့်တွင် စတင်တည်ဆောက်ထားကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဇော်ခင်အောင်က   ပြောသည်။

“မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍာပ်ကတော့ ရိုးရာအစဉ်လာမပျက် လုပ်နေတယ်။ အရင်တုန်းက မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍာပ်က ဟိုးအထဲထဲမှာ လုပ်တယ်။ အခုအပြင်ကို ထုတ်လိုက်တယ်။ ပျဉ်းမနားတောင်ညို ကားလမ်းကြီးပေါ်မှာ အဲ့နေရာမှာ စည်ကားလာလိမ့်မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မဏ္ဍာပ်၏ ဖွင့်ပွဲကို မဟာသင်္ကြန်အကြို ၁၃ရက် ညနေခြောက်နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုအကအဖွဲ့မျာနှင့် နိုင်ငံကျော် အဆိုတော်ပေါင်းများစွာနှင့်လည်း ကျင်းပသွားမည်ဟု   နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူကဆိုသည်။

“ကျွန်တော်တို့ ဒီဖွင့်ပွဲက ၁၃ရက် ညနေ ခြောက်နာရီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုတော်တွေကတော့ လက်ရှိအနေအထားအရဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ နောက်ပြန်ကြားရေးဝန်ကြီးဌာန ယိမ်းအကအဖွဲ့၊ အဆိုအကတွေနဲ့ပေါ့၊ နောက်ကျွန်တော်တို့
စည်ပင်သာယာရေးကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒါတွေက ကျွန်တော်တို့ရဲ့ အဆိုအကတွေနဲ့ ဖျော်ဖြေမှာဖြစ်ပြီးမှ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မြန်မာ့အသံခေတ်ပေါ်တေးဂီတဝိုင်းနဲ့အတူ နာမည်ကြီးအဆိုတော်တွေက ဆိုမှာဖြစ်ပါတယ်" ဟု ဦးမင်းသူက ပြောသည်။

လက်ရှိအချိန်ထိ ဖျော်ဖြေမည့် စာရင်းတွင် ကိုရဲလွင်၊ ကိုသားထွေး၊ ညီညီလွင်(ပြည်)၊ သက်လျာဦး၊ ပန်းရဲ့လမ်း အဖွဲ့ပေါ့လေ။ ဂျင်းနီ၊ ခေမီကို၊ ထူးအိမ်သင်၏ ညီ ကိုအောင်၊ ကိုဆု၊ အပါအဝင် နာမည်ကြီး အဆိုတော်များ နှင့် မြန်မာ Idol မှ Top 1 to 10 ရထားသည့် အဆိုတော်များ လာရောက်ဖျော်ဖြေမည်ဟု သိရသည်။

ယခုနှစ်သင်္ကြန်တွင် အဆိုပါ မဏ္ဍာပ်တွင် ထူးထူးခြားခြားအနေဖြင့် Hip Hop အဖွဲ့နှစ်ခုမှလည်း ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“နောက်တစ်ခါ ထူးထူးခြားခြား နေပြည်တော်မှာ တစ်ခါမှ သီဆိုဖျော်ဖြေမှု မလုပ်ခဲ့ဘူးတဲ့ Acid အဖွဲ့နဲ့၊ ချမ်းအေးဝင်းတို့ရဲ့ Hip Hop အဖွဲ့နှစ်ဖွဲ့ကနေ မြို့တော်ဝန်မဏ္ဍာပ်မှာ ဖျော်ဖြေသွားမှာပါဖြစ်ပါတယ်”ဟု ဦးမင်းသူက ဆိုသည်။

အဆိုပါမဏ္ဍာပ်နေရာတွင် ယခုနှစ်ပိုမိုစည်ကားလာမည့်အတွက် လုံခြုံအရေးအနေဖြင့်
“စည်ကားလာလိမ့်မယ်၊ အဲ့မှာစည်ကားတဲ့ အတွက်ကြောင့်မို့လို့ အဲ့နေရာမှာ အရင်တုန်းက ဟိုတယ်ဇုန်မှာလုပ်သလိုပဲတို့ ပိတ်ဆို့တာတွေ ရှာဖွေတာတွေ နောက်တစ်ခါလမ်းတွေကို ပစ္စည်းတွေဘာတွေ နဲ့ပိတ်ပြီးတော့မှ အရက်ပုလင်းတွေကိုလည်း ပေးတာတို့ ဓားတွေ လှံတို့ နောက်တစ်ခါဒီ ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိတဲ့ ပစ္စည်းတွေကို စစ်ဆေးရှာဖွေပြီးတော့မှ သိမ်းဆည်းတာတွေလုပ်မယ်” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်ကဆိုသည်။

ထို့အပြင် မဏ္ဍာပ်တွင်း လုံခြုံရေးအတွက် CCTVများ၊ ဗုံး ဂျပ်ပါများကိုလည်း တပ်ဆင်ထားရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုနှစ်နေပြည်တော်ကောင်စီနယ်မြေ သင်္ကြန်အတွင်းတွင် ထူးခြားမှုအနေဖြင့် မော်တော်ဆိုင်ကယ်များအား အများပြည်သူ နားမခံသာအောင် တပ်ဆင်ထားသည့် အိပ်ဇောဖွင့် ဆူညံသံ ဆိုင်ကယ်များကို သင်္ကြန်ကာလပြီးသည်အထိ ဖမ်းဆီးအရေးထားမည်ဖြစ်ကြောင်း ရဲမှူးကြီးကဆိုသည်။

“ဒီနှစ်မှာ ထူးထူးခြားဘာလဲဆိုတော့ အိပ်ဇောနဲ့ အိပ်ဇောဖောက်ပြီးတော့မှ ပြည်သူလူထု အနှောင့်အယှက်ဖြစ်အောင် ဖြစ်နိုင်မယ့်ဟာတွေ အဲ့လိုဟာမျိုးတွေကို သင်္ကြန်ကာလပြီးတဲ့အထိကို ထိန်းသိမ်းမယ်။ ထိန်းသိမ်းပြီးတော့ မှတရားစွဲသင့်ရင်လည်း တရားစွဲမယ်၊ တရားမစွဲလို့ ပြန်ပေးမယ်ဆိုရင်လည်း ပြန်ပေးမယ်”ဟုပြောသည်။

ယခုနှစ်နေပြည်တော်ကောင်စီနယ်မြေ တစ်ခုလုံးတွင် မဏ္ဍာပ်ပေါင်း ၁၆ခုရှိကြောင်း ၎င်းကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly