တရားခံပြေး အောင်ဝင်းခိုင် ရောက်မလာကြောင်း အာဆီယံ(၁၀)နိုင်ငံအနက် ၅နိုင်ငံက အကြောင်းပြန်

တရားခံပြေး အောင်ဝင်းခိုင် ရောက်မလာကြောင်း အာဆီယံ(၁၀)နိုင်ငံအနက် ၅နိုင်ငံက အကြောင်းပြန်
လေဆိပ်ရှိ CCTV မှတ်တမ်းများအရ သမ္မတရုံးက ထုတ်ပြန်ထားသော ထွက်ပြေးလွတ်မြောက်နေသူ တရားခံ အောင်ဝင်းခိုင်

နေပြည်တော်(ဧပြီ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံမှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် သတ်မှတ်ထားသော အောင်ဝင်းခိုင်သည် ၎င်းတို့နိုင်ငံတွင် ရှိမနေကြောင်း အာဆံယံနိုင်ငံများ၏ ထက်ဝက်ခန့်က အကြောင်းပြန်ကြားလာသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောသည်။

“သက်ဆိုင်ရာရဲတပ်ဖွဲ့တွေကနေ အကြောင်းပြန်တာက တရားဝင်ဝင်ပေါက်တွေကနေ စစ်ဆေးမှုအရကတော့ အာဆီယံနိုင်ငံ တစ်ဝက်လောက်က သူတို့နိုင်ငံကို မရောက်ဘူးဆိုတာ ပြန်ကြားလာပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာနတွင် ဧပြီ ၁၀ရက်ကပြုလုပ်သည့် အစိုးရသက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဇော်ဝင်းက ပြောသည်။

အောင်ဝင်းခိုင်သည် ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများ ရောက်ရှိနေပါကလည်း တိမ်းရှောင်၍ မရဘဲ အမြန်ဖမ်းဆီးရမိရေးအတွက် အာဆီယံနိုင်ငံများအပြင် အာဆီယံပြင်ပနိုင်ငံများရှိ နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)ထံ အကြောင်းကြားထားခြင်း ဖြစ်သည်။

“ဘယ်လိုမှ တိမ်းရှောင်လို့မရအောင် ဖမ်းဆီးနိုင်ဖို့အတွက် အာဆီယံအတွင်းမှာလည်း အာဆီယံ ၁၀နိုင်ငံ အားလုံးကို ကျွန်တော်တို့က အကြောင်းကြားထားတယ်။ ဒါမှမဟုတ် အာဆီယံပြင်ပရောက်သွားတယ်ဆိုရင်လည်း ဘယ်နိုင်ငံကိုပဲရောက်ရောက် အမြန်ဆုံးဖမ်းမိနိုင်အောင် ဖြန့်ပြီး အကြောင်းကြားထားပါတယ်” ဟု ရဲချုပ် ဇော်ဝင်းက ဆိုသည်။

ထို့အပြင် ပြည်တွင်းရှိ တိုင်းနှင့်ပြည်နယ်အားလုံးတွင်လည်း အောင်ဝင်းခိုင်၏ ဓာတ်ပုံမှတ်တမ်းများအား သက်ဆိုင်ရာရဲတပ်ဖွဲ့များထံ ပေးပို့ထားသည်ဟု ရဲချုပ်က ပြောသည်။

အောင်ဝင်းခိုင်သည် ဦးကိုနီအားလုပ်ကြံရန် ငွေပေးစေခိုင်းသူဖြစ်ပြီး လုပ်ကြံမှုမတိုင်ခင် နာရီပိုင်းအလိုက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး လေယာဉ်ဆိုက်ရောက်မည့်အချိန်ကို စုံစမ်းမေးမြန်းခဲ့သေးကြောင်း စီစီတီဗီ(CCTV) မှတ်တမ်းနှင့်အတူ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

လုပ်ကြံမှုဖြစ်စဉ်အပြီးတွင် နေပြည်တော်သို့ အောင်ဝင်းခိုင် ရောက်ရှိခဲ့သေးသည်ဟုလည်း ရန်ကုန်မြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းက ပြောဆိုထားသည်။

“နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈မြို့နယ်ကော၊ ရပ်ကျေးတွေရောပေါင်းပြီးတော့ ပိုက်စိပ်တိုက် ရှာပြီးပါပြီ” ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဇော်ဝင်းက ပြောသည်။ သို့သော် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည်မှာ အချိန်ကာလအားဖြင့် ၂လကျော်ကြာနေပြီဖြစ်သော်လည်း အောင်ဝင်းခိုင်အား ယနေ့အထိ ဖမ်းဆီရမိခြင်း မရှိသေးပေ။

နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း တရားခံပြေး အောင်ဝင်းခိုင်အား ဧပြီ ရရက်တွင် အနီရောင် သတိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုပ်ထုံးလုပ်နည်းအရ နိုင်ငံတကာရဲတပ်ဖွဲ့ထံ ချိတ်ဆက်ထားခြင်းဖြစ်သည်ဟု ရဲချုပ်ဇော်ဝင်းက ပြောဆိုပြီး အောင်ဝင်းခိုင် ဖမ်းမိရေးအတွက် “ရေဆုံး၊ ရေဖျား မရရအောင် လုပ်နေတယ်” ဟုလည်း ဆိုသည်။

အောင်ဝင်းခိုင်မှာ သေနတ်သမားကြည်လင်းအား ငွေပေးလုပ်ကြံရန်စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော်စပ်သူ ဖြစ်ပြီး ၎င်းမှာ ၂ဝ၁၄ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required